ကြံ့ခိုင်မှုစွမ်းရည် ပြသခဲ့သည့် အံ့ဖွယ်လူသား ၃ နှစ်သားကလေးရုပ်သံ ရေပန်းစား

March 30, 2017

ကြံ့ခိုင်မှုစွမ်းရည် ပြသခဲ့သည့် အံ့ဖွယ်လူသား ၃ နှစ်သားကလေးရုပ်သံ ရေပန်းစား

အာရက်တ် ဟိုစိန်နီဟာ အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်တဦး ဖြစ်ပေမယ့် အံ့မခန်းစွမ်းရည်ပြသနိုင်တဲ့ ကလေးငယ်တဦး ဖြစ်ပါတယ်။ “မဖြစ်နိုင်တဲ့ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ တရုတ်နိုင်ငံမှ စွမ်းရည်ပြ ရုပ်သံအစီအစဉ်တခုကနေ ပြသခဲ့တဲ့ သူ့ရဲ့ သရုပ်ပြမှုတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။ သန်မာတဲ့ကြွက်သား၊ တောင့်တင်းကြံ့ခိုင်နေတဲ့ပုံစံနဲ့ အာရက်တ်ရဲ့ စွမ်းရည်ပြကွက်တွေဟာ ဒိုင်တွေကို အံ့အားတသင့် ဖြစ်စေရုံမကဘဲ ပရိသတ်တွေကိုပါ အံ့အားတသင့် ဖြစ်စေခဲ့ရတာပါ။ သူဟာ ရုပ်သံအစီအစဉ်ထဲမှာ ဘားတန်းပေါ် လက်နဲ့ခိုတွယ်ပြီး တဘက်မှတဘက် ကူးပြတာတွေ၊ ခက်ခဲအောင်ဖန်တီးထားတဲ့ နံရံအမြင့်ပေါ် ချိတ်တွယ်တက်ပြတာတွေနဲ့ သူ့ရဲ့ ကိုယ်အလေးချိန်ကို ဟန်ချက်ညီအောင်ထိန်းကာ ကျွမ်းပစ်ပြခဲ့တာတွေကိုလည်း တွေ့ရမှာပါ။ အာရက်တ်ဟာ အီရန်နိုင်ငံသား ကလေးငယ်တဦးဖြစ်ကာ သူ့ရဲ့စွမ်းရည်ပြသမှု အပြီးမှာတော့ ဖခင်ဖြစ်သူက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း အလေးချိန် ၆ ဒသမ ၅ ကီလိုဂရမ်ကို မချီပြနိုင်ခဲ့တဲ့ ကလေးငယ်တဦးအဖြစ် လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ မေရာသတင်းမှာ ဖော်ပြထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖခင်နဲ့အတူ စူပါမန်းဝတ်စုံတူ ဝတ်ဆင်ထားခဲ့ကာ စွမ်းရည်ပြသနေခဲ့တဲ့ အာရက်တ်ရဲ့ သရုပ်ပြသမှုတွေ ကို ရှုစားနိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up