ကြိုတင်မဲပေးမည့် တပ်မတော်သားများကလွဲပြီး ကျန်သူများ တံဆိပ်တုံးနှိပ်မဲပေးရမည်

July 15, 2015

ကြိုတင်မဲ ပေးမည့် တပ်မတော်သားများကလွဲပြီး ကျန်သူများ တံဆိပ်တုံးနှိပ်မဲပေးရမည်

လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ့် တပ်မတော်သားတွေကလွဲလို့ ကျန်မဲဆန္ဒရှင်တွေအနေနဲ့ ကြိုက်နှစ်သက်ရာပါတီက ကိုယ်စားလှယ်လောင်း အမည်ဘေးမှာ တံဆိပ်တုံးနှိပ် လျှို့ဝှက်မဲပေးရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ မဲစာရင်းမှာပါတဲ့ ဆန္ဒမဲပေးခွင့်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံကိုသွားရောက်ကာ မဲစာရင်းစစ်ဆေးသူထံမှတ်ပုံတင်ပြ လက်မှတ်ထိုးပြီး ဆန္ဒမဲလက်မှတ် ထုတ်ယူမဲပေးရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး ဦးလှမောင်ချိုကဒီဗွီဘီကိုပြောပါတယ်။ “မဲပေးတဲ့ စနစ်က မဲလက်မှတ်ထုတ်မယ် ထုတ်ပြီးရင် လျှို့ဝှက် ဆန္ဒပြုခန်းသွားမယ်၊ ဆန္ဒပြုခန်းမှာ အရင်တုန်းက ဘောပင်နဲ့ အမှန်ခြစ်တဲ့အစား တံဆိပ်တုံးနဲ့ အမှန်ခြစ် တံဆိပ်လေးလုပ်ထားပါတယ်။ အဲဒါကို သူမဲပေးလိုတဲ့ ပါတီကိုယ်စားလှယ်အတွက် သတ်မှတ်ထားတဲ့ အကွက်လေးရှိတယ်။အဲဒီအကွက်ထဲမှာ တံဆိပ်ရိုက်မယ်။ ရိုက်ပြီးရင် သူ့ဘာသူ ခေါက်ပြီး မဲပုံးထဲသွားထဲ့ရုံပဲ။” ဆန္ဒမဲပေးပြီး မဲရုံမှမထွက်ခွာခင် မဲပေးပြီးကြောင်း အမှတ်အသားအဖြစ် ဘယ်ဘက် လက်သန်းလက်သည်းခွံမှာ ၂၄ နာရီခံ မင်သုတ်ပေးပြီး တဦးတည်း မဲနှစ်ခါမပေးနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ လေးထောင့်ကွက်ပေါ်မှာ တံဆိပ်တုံးနဲ့ မဲပေးရတဲ့ စနစ်ဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် အမှားအယွင်းတွေဖြစ်နိုင်ပြီး ပယ်မဲဖြစ်သွားမှာကို ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေနဲ့ အဓိက အတိုက်အခံ အန်အယ်လ်ဒီပါတီက စိုးရိမ်ပူပန်နေတာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဆန္ဒမဲလက်မှတ်ပေးလို့ရတဲ့ လေးထောင့် ကွက်ဟာ တံဆိပ်တုံးတခုလုံး ၀င်ဆံ့အောင်နဲ့ လွဲချော်မှုမရှိအောင် အကျဉ်းအကျယ်မရှိ တပြေးညီ အရွယ်တူ လုပ်ပေးထားတဲ့ အကြောင်းနဲ့ ခိုင်လုံမဲနဲ့ ပယ်မဲဖြစ်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေကို မကြာခင် ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကြိုတင်မဲပေးမယ့်သူတွေကတော့ အရင်ရွေးကောက်ပွဲမှာလိုပဲ အမှန်ခြစ်ခြစ်ပြီး မဲပေးရမယ်လို့ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး ဦးလှမောင်ချိုက “ကြိုတင်မဲတချို့ဟာတွေဟာ ဘောပင်နဲ့ခြစ်တာ ပြန်ပါပါလိမ့်မယ်။ အထူးသဖြင့် တပ်မတော်သားတွေပေးတဲ့ ကြိုတင်မဲမှာ ကျနော်တို့က တံဆိပ်တုံး မသုံးနိုင်ဘူး။ မသုံးနိုင်ဘူးဆိုတာ ဝေးလံခေါင်သီတဲ့ နေရာတွေရောက်မယ်၊ ဖြန့်ခွဲထားတဲ့အတွက် အကုန်လုံးကို ကျနော်တို့က လိုက်မပေးနိုင်ဘူးဆိုတော့ သူတို့ကတော့ ဘောပင်တို့ ဘာတို့ဖြစ်သွားပါတယ်။ အဲဒါလည်း ကျနော်တို့က နည်းဥပဒေပြင်ဆင်ချက်ထပ် ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့နေရာတွေမှာ မဲရုံတွေ အားလုံးကတော့ တံဆိပ်တုံးနှိပ်မှာပါ” လို့ ပြောပါတယ်။
6 years Ago
Up