ကြိုးတန်းလမ်းလျှောက်

April 12, 2017

ပေ ၄၅၀ အမြင့်ရှိ ဝါယာကြိုးတန်းပေါ်တွင် ထိတ်လန့်ဖွယ် ကြိုးတန်းလမ်းလျှောက် စွန့်စားသူ

သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်းပေါ်မှာရှိတဲ့ ပေ ၄၅၀ အမြင့် ဂေါ်ဒန်ရစ်ဗား  ရေကာတာတံတိုင်းပေါ်က ဝါယာကြိုးတန်းပေါ်မှာ လူကက်စ်အိုင်မလာ စွန့်စားလမ်းလျှောက်ခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ လူကက်စ်က အစိမ်းရောင်တောက်တောက်အကျီင်္ိကို ဝတ်ဆင်ထားပြီး ဟန်ချက်ညီအောင် လက်တွေဆန့်ထုတ်ထားကာ အန္တရာယ်များလှတဲ့ ကြိုးတန်းပေါ် စွန့်စား လမ်းလျှောက်နေတာကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့ရပါတယ်။ ဝါယာကြိုးက လျော့သွားလိုက်၊ ပြန်ခုန်တက်လာလိုက်မို့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသူအဖို့ စပရင်ဖျင်ချပ်ပေါ် ကျွမ်းထိုးခုန်ပြန်ကစားရတဲ့ အားကစားနည်း ကစားနေရသလိုပဲလို့ ဆိုပါတယ်။ ဒီလိုစွန့်စားရတဲ့ အားကစားနည်းကို တောင်တက်သမားတွေက ၁၉၈၀ ခုနှစ်တွေမှာ စတင်ခဲ့တာဖြစ်ပြီး လူကက်စ်ရဲ့ စွန့်စားခန်းတွေကိုတော့ ဂျာမန်ဓာတ်ပုံဆရာ ဗယ်လန်တင်ရက်ပ်က ရိုက်ကူးခဲ့တာပါ။ “ကျနော်က ဓာတ်ပုံရိုက်တဲ့အလုပ်ကို လုပ်ကိုင်နေတာ ၄ နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် ဒီအလုပ်မလုပ်ခင် ကြိုးတန်းပေါ် လမ်းလျှောက်ခဲ့ဖူးတော့ အခုလို ပုံတွေကို ရိုက်ရတာ အရမ်းကြိုက်တယ်။ ကျနော်လည်း ဒီလိုအမြင့်ကြီးမှာရှိတဲ့ ကြိုးတန်းတွေပေါ် လမ်းလျှောက်ခဲ့တာ” လို့ ဗယ်လန်တင်က ပြောပါတယ်။ "ကြိုးတန်းလမ်းလျှောက်တဲ့သူတွေ ကြိုးတန်းပေါ်မှာ လျှောက်နေတဲ့အခါ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကျနော်သိတော့ ဒါက ကျနော့်အတွက် အမြဲတမ်း စိတ်လှုပ်ရှားစရာပါပဲ။ အဲ့ဒီစိတ်ခံစားချက်ကပဲ ပုံကောင်းတွေရဖို့ အထောက်အကူပြုတယ်။ နောက်ထပ် ဘယ်အဆင့်ကိုလှမ်းမယ်ဆိုတာလည်း ကျနော်အမြဲသိတယ်” လို့ ဗယ်လန်တင်က ဆက်ပြောပါတယ်။ လူကက်စ်အိုင်မလာက ဒီလို စွန့်စားရပြီး အန္တရာယ်များလှတဲ့ အားကစားနည်းကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ တကယ့် အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်ခဲ့တာလို့ သူ့ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။ အဲ့ဒီနောက် သူက ကြိုးတန်းလမ်းလျှောက်မှု အရေအတွက်အများဆုံး မှတ်တမ်းတွေနဲ့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်း ၂ ကြိမ် ရရှိခဲ့တာပါ။ ဂေါ်ဒန်ရစ်ဗားရေကာတာဟာ ပေပေါင်း ၄၆၀ မြင့်ပြီး တက်စ်မေးနီးယားမှာ အမြင့်ဆုံးနဲ့ သြစတြေးလျတနိုင်ငံလုံးမှာ ၅ ခုမြောက် အမြင့်ဆုံးလို့ မေရာရဲ့ ဧပြီ ၁၁ ရက်နေ့ သတင်းမှာ ရေးသားထားတာပါ။
4 years Ago
Up