ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့ရာ တနိုင်ငံလုံးရှိ မဲပေးဖို့ စာရင်းသွင်းသူ ၇၅ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့တယ်လို့ spring news ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဲဒီကြိုတင်မဲပေးခဲ့သူတွေထဲမှာ ဘန်ကောက်နယ်မြေက အများဆုံးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းတွေအရ ဘန်ကောက်ယိုင်နယ်မြေမှာ ကြိုတင်မဲပေးဖို့ စာရင်းပေးထားသူ ၆၀၅၃ ဦးအနက် ၅၆၁၁ ဦး (၉၂ ဒသမ ၇၀ ရာခိုင်နှုန်း)၊ ဆမ်ဖန်းလုန်းနယ်မြေမှာ စာရင်းပေးသူ ၃၁၉၃ ဦးအနက် ၂၉၃၃ ဦး (၉၁ ဒသမ ၈၆ ရာခိုင်နှုန်း)၊ ဖယားထိုင်းနယ်မြေမှာ စာရင်းပေးသူ ၁၁၁၇၅ ဦးအနက် ၁၀၂၃၈ ဦး (၉၁ ဒသမ ၆၂ ရာခိုင်နှုန်း)၊ ပထုမ်းဝမ်းနယ်မြေမှာ စာရင်းပေးသူ ၉၅၀၀ ဦးအနက် ၈၆၃၅ ဦး (၉၀ ဒသမ ၈၉ ရာခိုင်နှုန်း)၊ ဘန်ခေါလဲမ်နယ်မြေမှာ စာရင်းပေးသူ ၄၈၈၃ ဦးအနက် ၄၄၃၄ ဦး (၉၀ ဒသမ ၈၀ ရာခိုင်နှုန်း) ရှိတယ်လို့ ဆိုပါတယ်။
ဘန်ကောက် တခြားနယ်မြေတွေမှာလည်း အနည်းဆုံး ၈၀ ရာခိုင်နှုန်း လာရောက်ပြီး ကြိုတင်မဲပေးခဲ့ကြကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ကြိုတင်မဲပေးသူ ၇၅ ရာခိုင်နှုန်းရှိတယ်လို့ spring news မှာ ဖော်ပြပါတယ်။
ချန်နယ်လ် ၃ တီဗွီသတင်းမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြိုတင်မဲထည့်ခြင်းမှာ ထိုင်းပြည်သူတွေ တက်တက်ကြွကြွ လာရောက်မဲထည့်ကြပြီး ယာဉ်ကြောပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့ရကြောင်း၊ မဲထည့်ဖို့ လူတွေတန်းစီနေရပြီး တချို့မဲရုံတွေမှာ မဲဆန္ဒနယ်မြေ အမှတ်မှားယွင်းတာ၊ မိမိထည့်ချင်တဲ့ ပါတီရဲ့ နံပါတ်ပြား ပါမလာတဲ့ပြဿနာ အနည်းငယ်ရှိခဲ့ပြီး နောက်ဆုံးတော့ ပြေလည်သွားကြောင်း၊ စာရင်းချုပ်အရ ထိုင်းတနိုင်ငံလုံးမှာ ကြိုတင်မဲလာထည့်သူ ဦးရေ ၂ သန်းနဲ့ ၆ သိန်းရှိပြီး ဘန်ကောက်ခရိုင်တခုတည်းတင် ၉ သိန်းကျော်တယ်လို့ ဖော်ပြပါတယ်။
ဘန်ကောက်မှာ မဲလက်မှတ်လုံခြုံရေးအတွက် ဝန်ထမ်းဦးရေ ၃ ထောင်ကျော် ချထားပြီး သတင်းထောက်တွေရော ပြည်သူတွေပါ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း၊ မဲလက်မှတ်များ ခွဲခြားခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ပို့ခြင်းကိစ္စရပ် အဆင့်ဆင့်တိုင်းမှာ သက်သေတွေ များစွာရှိပြီး စီစီတီဗွီကင်မရာကနေလည်း ၂၄ နာရီ စစ်ဆေးနိုင်ကြောင်း၊ ဒီလောက်လုံခြုံတဲ့ကြားက မဲခိုးမယ်ကြံစည်ရင် သင့်အတွက် အကျဉ်းထောင်က အသင့်စောင့်နေတယ်လို့ ထိုင်းအမျိုးသား ရွေးကောက်ပွဲကော်မရှင် ဒုဥက္ကဋ္ဌ ခွန်နာသ့်လောဝ့်ဆီဘဗကွန်းက သတင်းဌာနကို ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၄၄ ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အဲဒီထဲမှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက Plang Pracharat Party ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၈ မှ ၂၀၁၁ ထိ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ အဘိဆစ် ဝေ့ချာချီဝကလည်း Democrat Party ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရက်ပါတီနဲ့ အကြီးအကျယ် ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ Phue Thai ပါတီ (ရှပ်နီပါတီ) ကလည်း ဝန်ကြီးချုပ်လောင်းနေရာမှာ ၂၀၀၅ ခုနှစ်က စိုက်ပျိုးရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ခွန်ယိင်းဆူဒါရတ် ကျေယုလာဖန်းကို အမည်စာရင်း တင်သွင်းထားပါတယ်။
4 years Ago