မြို့တော်ဝန် ၂ ဦး အသတ်ခံရ

July 5, 2018

ဖိလစ်ပိုင်တွင် ၂ ရက်အတွင်း မြို့တော်ဝန် ၂ ဦး အသတ်ခံရ

ဖိလစ်ပိုင်နိုင်ငံမှာ ဇူလိုင် ၃ ရက်နေ့က မြို့တော်ဝန်တဦးကို သေနတ်သမားတွေက ပစ်သတ်ခဲ့တာကြောင့် ၂ ရက်အတွင်း ဒုတိယမြောက် အသတ်ခံခဲ့ရတဲ့ မြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ နျူအီဗာ အက်ဆီယာ ပြည်နယ်က ဂျင်နရယ် တီနီယို မြို့တော်ဝန် ဖာဒီနန် ဘိုတီဟာ သူ့ကားနဲ့ သွားလာနေတုန်း မော်တော်ဆိုင်ကယ် စီးသူတွေက ပစ်ခတ်ခဲ့တာပါ။ မြို့တော်ဝန် ဘိုတီဆေးရုံကို ရောက်ရောက်ချင်း သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။ ဇူလိုင် ၂ ရက်နေ့ကလည်း ဖိလစ်ပိုင် တာနျူအန်မြို့တော်ဝန် အန်တိုနီယို ဟာလီလီဟာ အလံတင်အခမ်းအနား တက်ရောက်နေစဉ် စနိုက်ပါနဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။ မြို့တော်ဝန် ဟာလီလီဟာ မူယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ သမ္မတ ဒူတာတေးရဲ့ မဟာမိတ်တစ်ဦးပါ။ သူဟာ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ကော်မရှင်ရဲ့ မူယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဆက်နွယ်နေသူ စာရင်းမှာ စာရင်းသွင်းခံထားရသူ လည်းဖြစ်တယ်လို့ ဖိလစ်ပိုင် သတင်းအေဂျင်စီ ကပြောကြားပါတယ်။ မြို့တော်ဝန် နှစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စ ဆက်စပ်မှုရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း CNN သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up