ထိုင်းနိုင်ငံ မြို့လယ်ခေါင်မှာ ဓားကိုင်ရမ်းကားကြတဲ့ ဆယ်ကျော်သက် လူငယ်အုပ်စုကြား ရန်ပွဲရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို Social Hunter အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ဒါဟာ အင်တာနက်အသုံးပြုသူတွေကြား လူပြောများနေခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “ဘယ်လောက်များ ရှက်စရာကောင်းတဲ့ လူ့အမှိုက်တွေလဲ” လို့ ရည်ညွှန်းရေးသားထားခဲ့တာပါ။
ဒီအဖြစ်အပျက်ဟာ ခရာသွန်ဘန်းခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ တီနယူးစ် သတင်းတပုဒ်မှာ ဇူလိုင် ၂၄ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဓားကိုင်ထားကြတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေဟာ ရပ်ထားတဲ့ အများသုံးဘတ်စ်ကားတစီးအနီးမှာ ရုတ်ရုတ်သဲသဲနဲ့ ခိုက်ရန်ဖြစ်ခဲ့ကြပြီးနောက် ထွက်ပြေးသွားခဲ့ကြတာကို တွေ့ရမှာပါ။
ခုလိုဖြစ်နေချိန်မှာ အနီးနား ဖြတ်သန်းသွားလာနေကြတဲ့ အများပြည်သူကို အထိတ်တလန့် ဖြစ်စေတာ၊ အမှတ် ၁၈၉ ဘတ်စ်ကားပေါ်က ခရီးသည်တွေအတွက် အန္တရာယ်ဖြစ်စေတာတွေကြောင့် ဒါကို အရေးယူသင့်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
သူတို့ ခိုက်ရန်ဖြစ်ပွားတဲ့ နေရာအနီးမှာတော့ ရဲကင်းရုံတခုရှိနေပြီး ဒီအဖြစ်အပျက်အတွင်း လာရောက်အရေးယူတာမျိုးလည်း မရှိခဲ့တဲ့အတွက် ဝေဖန်နေကြတာ ဖြစ်ပါတယ်။
6 years Ago