မြို့နယ်​ပညာ​ရေးမှူးရုံးများ၏ ပုံရိပ်​ကျဆင်းရခြင်း နောက်​ကွယ်

June 14, 2018

မြို့နယ်​ပညာ​ရေးမှူးရုံးများ၏ ပုံရိပ်​ကျဆင်းရခြင်း နောက်​ကွယ်

မြို့နယ်​တခု၏ ပညာ​ရေးလုပ်​ငန်း တိုးတက်​မှု၊ ဆုတ်​ယုတ်​မှုသည် ​ယင်းမြို့နယ်​ရှိ ပညာ​ရေးမှူးရုံးများ၏ လုပ်​ကိုင်​​ဆောင်​ရွက်​မှုအ​ပေါ် မူတည်ပါတယ်​။ ​ပြီး​တော့ အဆိုးအ​ကောင်း အတက်​အကျကို ဖြစ်​​ပေါ်​​စေပါတယ်​။ အိမ်​တ​အိမ်​မှာ အိမ်​​ထောင်​ဦးစီး၏ အခန်းကဏ္ဍဟာ အ​ရေးကြီး​သလို​ မြို့နယ်​တ​ခုရဲ့ ပညာ​ရေးကို ကြပ်​မတ်​​ဆောင်​ရွက်​ရ​​တဲ့ မြို့နယ်​ပညာ​ရေးမှူးရုံးများရဲ့ အခန်းကဏ္ဍဟာလည်း ပညာ​ရေးဖြစ်​စဉ်​​မှာ ချန်​လှပ်​ထားလို့ မရ​အောင် ​အ​ရေးကြီးပါ​တယ်​။ မြို့နယ်​တ​ခုရဲ့ ပညာ​ရေး အတက်​အကျကို အ​ခြေခံပညာ​ကျောင်း​တွေရဲ့ အောင်​ချက်​ရာနှုန်းကို အ​ခြေခံပြီး တိုင်းတာ​လေ့ရှိပါတယ်​။ ​ဒီအချက်​​ဟာ မှန်​သင့်သ​လောက် ​မှန်​​ပါ​တယ်​။ သို့​သော်​ မြို့နယ်​တခုလုံးရဲ့ ပညာ​ရေး အတက်​အကျဟူသည် ​အ​ခြေခံပညာ​ကျောင်း​တွေ အ​ပေါ်မှာ​သာ တည်​မှီ​နေသည်​ မဟုတ်​ဘဲ ပညာ​ရေးဖြစ်​စဉ်​တခုလုံးမှာ ပါဝင်​လှုပ်​ရှားကြရသည့် မြို့နယ်​ပညာ​ရေးမှူးများ၊ ထက် ​လယ် ​မူ ​ကျောင်းအုပ်​ကြီးများ၊ ဒုတိယမြို့နယ်​ပညာ​ရေးမှူးများ၊ လက်​​ထောက်​မြို့နယ်​ပညာ​ရေးမှူးများ၊ အ​ခြေခံပညာ​ကျောင်း​တွေမှာ တာဝန်​ထမ်း​ဆောင်​​​နေကြသည့် ဆရာ၊ ဆရာမများ၊ မြို့နယ်​ပညာ​ရေးမှူးရုံးမှ စာ​ရေးများ၊ ထက်​ လယ်​ မူ​ ကျောင်းမှ စာ​ရေးများ အစရှိသည်​ဖြင့် မြို့နယ်​တွင်းရှိ ပညာ​ရေးဝန်​ထမ်းများ အားလုံးနှင့် ကျောင်းသားမိဘများ၊ ​ကျောင်းသား​ ကျောင်းသူများ အားလုံးမှာ တာဝန်​အသီးသီး ရှိကြပါတယ်​။ သို့ရာတွင်​ မြို့နယ်​ရဲ့ ပညာ​ရေးလုပ်​ငန်းစဉ်​အားလုံးကို စီမံကြီးကြပ်​အုပ်​ချုပ်​ရတဲ့ မြို့နယ်​ပညာ​ရေးမှူးရုံးဟာ ​မိမိမြို့နယ်​တွင်းရှိ ပညာ​ရေးဖြစ်​စဉ်​မှာ ပါဝင်​မည့်သူများ အားလုံးကို ကြီးကြပ်​လမ်းညွှန်​မှု​ ​ပေးရ​တာကြောင့် အဆိုပါမြို့နယ်​ရဲ့ ပညာ​ရေး အဆိုးအ​ကောင်း အတက်​အကျဟာ ​မြို့နယ်​ပညာ​ရေးမှူးရုံးနှင့် တိုက်​ရိုက်​သက်​ဆိုင်​​နေပါ​တယ်​။ ဒါ့ကြောင့် မြို့နယ်​ပညာ​ရေးမှူးရဲ့ စီမံခန့်​ခွဲမှုဟာ ယင်းမြို့နယ်​ရဲ့ ပညာ​ရေးအတွက်​ အလွန်​အ​ရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်​​နေပါတယ်​။ မြို့နယ်​ပညာ​​ရေးမှူးဟာ ​မိမိရုံးရှိ ပညာ​ရေးဝန်​ထမ်း​တွေကို စီမံခန့်​ခွဲရာမှာ တိကျ​ ခိုင်​မာ ပြတ်​သား​တဲ့ စီမံမှုရှိဖို့ လိုအပ်​ပါ​တယ်​။ မြို့နယ်​ပညာ​ရေးမှူးရုံး ဝန်​ထမ်းအားလုံး ညီညီညွတ်​ညွတ် ​ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​မှသာ မိမိမြို့နယ်​ရဲ့ ပညာ​ရေးဟာလည်း တိုးတက်​​ကောင်းမွန်​လာမှာ ဖြစ်​ပါတယ်​။ ယခုအခါ ​မြို့နယ်​ပညာ​ရေးမှူးရုံးအချို့ရဲ့ ပုံရိပ်​ဟာ ပညာ​ရေးဝန်​ထမ်း​တွေကြားမှာ သာမက အခြားဌာနဆိုင်​ရာများ ကြားတွင်​လည်း ကျဆင်းလျက်​ရှိသည်​။ မြို့နယ်​ပညာ​ရေးမှူးရုံးဟု ဆိုလိုက်​လျှင် ပညာ​ရေးဝန်​ထမ်းများက အမြင်​မရှင်းကြ​ပေ။ ဘာကြောင့် အမြင်​မရှင်း​ရသလဲဟုဆိုလျှင် လာဘ်​စားမှု၊ လစာ​ငွေ ဖြတ်​​တောက်​ခံရမှု၊ ဌာနမှ ချ​ပေးသည့်​ငွေများ အပြည့်အဝ မရရှိမှု၊ မြို့နယ်​ပညာ​ရေးမှူးရုံး ဝန်​ထမ်းများ စကား​ပြော​ မောက်​မာမှု၊ လုပ်​ပိုင်​ခွင့်ရှိသူတစု၏ ​ဗိုလ်​ကျစိုးမိုးမှု၊ ကတိပျက်​မှု အစရှိသည်​ဖြင့် အမှု​ပေါင်းစုံသည်​ မြို့နယ်​ပညာ​ရေးမှူးရုံးများရဲ့ ပုံရိပ်​ကို ကျဆင်း​​ပြီး ပညာ​ရေးဝန်​ထမ်း​တွေကြားမှာ အမြင်​မကြည်​တာ​တွေ ဖြစ်​လာရပါတယ်​။ အရင်းစစ်​လျှင် ​အမြစ်​​​မြေက ဆို​သလို ဒီကိစ္စ​တွေအားလုံး​ဟာ မြို့နယ်​ပညာ​ရေးမှူး၏ စီမံအုပ်​ချုပ်​မှု​အောက်​မှာ ဖြစ်​​​နေသည့်အတွက်​ မြို့နယ်​ပညာ​ရေးမှူးသည်​ အဓိကတာဝန်​ရှိသူ ဖြစ်​ပါ​၏။ မြို့နယ်​ပညာ​ရေးမှူးအချို့​ရဲ့ မိမိရာထူး​နေရာနှင့် တာဝန်​ကို ​မကျွမ်းကျင်​ခြင်း တနည်း​ပြောရလျှင် လုပ်​ငန်းမကျွမ်းကျင်​ခြင်း​ဟာ စီမံအုပ်​ချုပ်​မှုကို များစွာ ထိခိုက်​​​စေတဲ့အတွက်​ ရုံးကို မထိန်းနိုင်​ခြင်း (သို့မဟုတ်​) ပညာ​ရေးလုပ်​ငန်းများကို ခုတုံးလုပ်​လျက် ​မိမိအကျိုးစီးပွားကိုသာ ကြည့်ခြင်း စတာ​တွေ​ကြောင့် ရုံးရဲ့ပုံရိပ် ​ကျဆင်း​​စေတဲ့ အချက်​​တွေကို မထိန်းနိုင်​ခြင်း ဖြစ်​ပါ​တယ်​။ လုပ်​ငန်းမကျွမ်းကျင်​ဟု ဆိုရာ၌ မြို့နယ်​ပညာ​ရေးမှူးတဦးဟာ အထက်​တန်း​ကျောင်းအုပ်​ဘဝမှ မြို့နယ်​မှူးအဖြစ်​ ရာထူးတိုးလာသူ ဖြစ်​ပါက ​ကျောင်းလုပ်​ငန်းနှင့် ရုံးလုပ်​ငန်းတို့ရဲ့ ကွဲပြားမှုကို နားမ​လည်​တဲ့အတွက်​ ရုံးမှာ ​နှစ်​​ပေါင်းများစွာ ကျင်​လည်​​နေကြတဲ့ စာ​ရေး​တွေရဲ့ ခြယ်​လှယ်​မှုကို ခံရခြင်းဖြစ်​ပါ​တယ်​။ မြို့နယ်​ပညာ​ရေးမှူးရုံးများရှိ စာ​ရေးအများစုဟာ ရုံးမှာ အထိုင်​ကျ​နေသူများ ဖြစ်​ကြ​ပါတယ်​။ မည်​သည့်စာရင်းဇယားမဆို ဘယ်​အနားမှာထား​တယ်၊ ​ဘယ်​ဗီရိုမှာ ရှာလို့ရနိုင်​​တယ် ​ဆိုတာ​တွေကို စာ​ရေး​တွေပဲ သိကြပါတယ်​။ မြို့နယ်​ပညာ​ရေးမှူး ဆိုသူဟာ ဆိုင်​​ရောင်း​လေ့​ရောင်းထမရှိတဲ့ ဆိုင်​ရှင်နဲ့ တူပါ​တယ်​။ ဘယ်​ပစ္စည်း ဘယ်​နားရှိမှန်းမသိ၊ ဘယ်​ပစ္စည်း ဘယ်​​ဈေးမှန်းမသိနဲ့ ဟိုလူ့​မေးရ ​ဒီလူ့​မေးရနဲ့ လုပ်​ရကိုင်​ရ အဆင်​မ​ပြေဖြစ်​တတ်​​​တဲ့ သဘောမျိုး ဖြစ်​ပါ​တယ်​။ ​ဒီလိုနဲ့ ရုံးထိုင်​စာ​ရေး​တွေရဲ့ လက်​​အောက်​ကို ကျ​ရောက်​သွားပါတယ်​။ စာ​ရေး​တွေကလည်း ငါမပါ​ရင် ​မပြီးဘူးဆို​​တဲ့ အချိုးနဲ့ မြို့နယ်​မှူးကို ကူညီရမယ့်အစား ရုံးဂုဏ်​​မောက်​ကြတဲ့အခါ မြို့နယ်​ပညာ​ရေးမှူး​​ဟာ အထက်​က ညွှန်​ကြားချက်​​တွေကို အချိန်​မီ ​ဆောင်​ရွက်​နိုင်​​ဖို့နဲ့ အထုမခံရ​ဖို့အတွက်​ စာ​ရေး​တွေကို မျက်​နှာချို​​သွေးရတဲ့အဖြစ်​ကို ရောက်​ရ​ပါ​တော့တယ်​။ မျက်​နှာချို​​သွေးရင်း လုပ်​ငန်းအချိန်​မီ ပြီးစီးရေးအတွက်​ စာ​ရေးဆီမှာ တပည့်ခံရတဲ့ အခြေအ​နေကို ​ရောက်​သွားပါ​တယ်​။ မြို့နယ်​ရဲ့ ပညာ​ရေးအကြီးအကဲ ဖြစ်​သူက​ ရုံးထိုင်​စာ​ရေး​တွေရဲ့ ခြယ်လှယ်​ခြင်းခံရ​တဲ့ အဓိကအ​ကြောင်းတရား​ဟာ ယင်းပုဂ္ဂိုလ်​ရဲ့ လုပ်​ငန်းကျွမ်းကျင်​မှု၊ စီမံခန့်​ခွဲမှု အရည်​​အ​သွေး ညံ့ဖျင်းခြင်း​အ​ပေါ်မှာ မူတည်​​​နေပါတယ်​။ လုပ်​သက်​ကြီးလို့ မြို့နယ်​ပညာ​ရေးမှူး ဖြစ်​လာသူ​တွေဟာ သက်​ပြည့်ပင်​စင်​ယူဖို့​ နီးလာတာနဲ့အမျှ ​ငွေမျက်​နှာတခုတည်းအ​ပေါ်မှာ အာရုံထားပြီး မိမိပုံရိပ်​ ကျဆင်းမည့်အ​ရေး၊ မြို့နယ်​ရဲ့ ပညာ​ရေး ကျဆင်းမှုအ​ရေးတို့အ​ပေါ်မှာ​ အ​လေးမထား​တဲ့ အဖြစ်​​တွေလည်း မြင်​​လာရပါ​တယ်​။ ​ငွေမျက်​နှာတခုကိုသာ ကြည့်လာ​တဲ့အတွက်​ ဌာနက ချ​ပေး​တဲ့ငွေ​တွေကို စာ​ရေး​တွေနဲ့ပေါင်းပြီး ပုံစံအမျိုးမျိုးနဲ့ မိမိအိတ်​ထဲ ထည့်နိုင်​ဖို့ကိုသာ အာရုံစိုက်​လာပါ​တယ်​။ စာ​ရေးဆိုသူ​တွေကလည်း နည်းမျိုးစုံကိုသုံးပြီး မြို့နယ်​ပညာ​ရေးမှူးကို​ ငွေစား​ပေါက်​​တွေ ဖန်​တီး​ပေးရင်း စာ​ရေး​တွေနဲ့ မြို့နယ်​ပညာ​ရေးမှူး​တွေဟာ အကျိုးတူ ပူး​ပေါင်း​ဆောင်​ရွက်​ရင်း တဖက်​တည်း ဖြစ်​သွားပါ​တော့တယ်​။ ဌာနကဖြန့်​​ဝေတဲ့​ ကျောင်းသုံးစာအုပ်​ကအစ ကျောင်းအဆင့်တိုးကိစ္စ၊ ​ကျောင်းအ​ဆောက်​အဦကိစ္စ၊ ​ကျောင်းအိမ်​သာ၊​ ကျောင်းဝင်​လမ်း၊ ရုံးလုပ်​ငန်းသ​ဘောအရ ခွဲထားသည့် ဌာနစိတ်​အားလုံးနှင့် သက်​ဆိုင်​သည့် ​ငွေ​ကြေးသုံးစွဲမှုကို စာ​ရေးကြီးဆိုသူနှင့်ညှိ၍ ချုပ်​ကိုင်​ထားကြသည့်အခါ တရုံးတည်းသားချင်း မသင့်မတင့် ဖြစ်​လာခြင်းဖြင့် ရုံးတွင်းစည်းလုံးမှုကို မတည်​​ဆောက်​နိုင်​သည့်အခါ မြို့နယ်​တွင်းရှိ အ​ခြေခံပညာ​ကျောင်းများသည်​ ​မြေစာပင် ​ဖြစ်​ကြရပါတယ်​။ နိုင်​ငံဝန်​ထမ်းချင်း တူပါလျက်​ အခွင့်ထူးခံ လူတန်းစားများ​ မွေးဖွားလာခြင်းသည်​လည်း ​ငွေကြိုက်​​သော ဝန်​ထမ်းအချို့​ကြောင့်ပဲ ဖြစ်​ပါတယ်​​။ မြို့နယ်​တခု၏ ပညာ​ရေးကို ဦး​ဆောင်​စီမံ​နေရသည့် မြို့နယ်​ပညာ​ရေးမှူးရုံးများ၏ ပုံရိပ်​ဟာ ဒီလိုနဲ့​ ကျဆင်းလာပါတယ်​။ ရုံးတွင်းစည်းလုံးညီညွတ်​မှုကိုပင် ​မတည်​​ဆောက်​နိုင်​​တဲ့ မြို့နယ်​ပညာ​ရေးမှူးများ လက်​​အောက်​မှာ ​မြို့နယ်​တ​ခုလုံး၏ ပညာ​ရေးဟာ အကျဘက်​သို့ ဦးတည်​သွားပါ​တော့တယ်​။ စာ​ရေး​တွေဟာ မြို့နယ်​ပညာ​ရေးမှူးကို စား​ပေါက်​​တွေ ဖန်​တီး​ပေးလိုက်​တဲ့အခါ မြို့နယ်​ပညာ​ရေးမှူး​တွေနဲ့ စာ​ရေး​တွေဟာ အကျိုးတူ​ပူး​ပေါင်းပြီး တ​ဖက်​တည်း ဖြစ်​သွားပါ​တော့တယ်​။ အဲဒီကစပြီး မြို့နယ်​မှာရှိတဲ့ ပညာ​ရေးဝန်​ထမ်း​တွေကို ဖိနှိပ်​မှု​တွေ စလာပါ​တော့တယ်​။ စာ​ရေး​တွေကလည်း ရုံးကိစ္စနဲ့ လာကြတဲ့ ဆရာ၊ ဆရာမ​တွေကို​ ဟောက်​စားလုပ်​ပါ​တော့တယ်​။ အကျယ်​အကျယ်​ ပြန်​မ​ပြောချင်​ကြတဲ့ ဆရာ၊ ဆရာမ​တွေဟာ​ အောင့်သက်​သက်​နဲ့ပဲ ငြိမ်​ခံကြရပါတယ်​။ ပြန်​​ပြောတဲ့ ဆရာ၊ ဆရာမ​တွေအ​ပေါ် အ​တေးအမှတ်​ထားပြီး လုပ်​ငန်းပိုင်းဆိုင်​ရာ ကိစ္စ​တွေမှာ အမှားတ​ခုဖြစ်​တာနဲ့ ဝိုင်း​ထောင်းလိုက်​မယ်​ဆိုပြီး မျက်​နှာ​ပေးနဲ့​ စောင့်ကြည့်​နေတတ်​ပါတယ်​။ နိုင်​ငံ​တော်​က အခမဲ့ပညာ​ရေးစနစ်​ကို အ​ကောင်​အထည်​​ဖော်​တယ်​။ မြို့နယ်​ရုံး​တွေက ​ကျောင်းလုပ်​ငန်းသုံးပစ္စည်း ဖြန့်​​ဝေဖို့ တာဝန်​ယူထားတဲ့ ဆရာ​တွေက ပစ္စည်း​တွေ ဖြန့်​​ဝေရာမှာ စရိတ်​​တောင်းတယ်​။ ဒီပစ္စည်း​တွေက မြို့နယ်​ကိုရောက်​ဖို့ ဘယ်​​လောက်​ကုန်​ထားတယ်​၊ မထုတ်​ချင်​​နေဆိုပြီး ပါဝါပြတယ်​။ တကယ်​ဆို ​ကျောင်းသုံးပုံနှိပ်​စာအုပ်ပဲဖြစ်​ဖြစ်​၊ တခြား​ ထောက်​ပံ့​ပေးတဲ့ ဘယ်​ပစ္စည်းမဆို သယ်​ယူစရိတ်​ကို ဌာနကို တင်​​တောင်းလို့ ရပါတယ်​။ အစိုးရဌာနဆိုင်​ရာ အလုပ်​သ​ဘောအရ​ ငွေဟာ ကြန့်​ကြာ​နေတတ်​တာကလွဲရင်​ မိမိတို့ ပစ္စည်းသယ်​ယူလို့ ကုန်​ကျထားတဲ့ စရိတ်​အမှန်​ကို​တော့ ပြန်​ရတာပါပဲ။ ဒါ​ပေမယ့် ​အောက်​​ခြေမှာ ဒီလို​တွေ ဖြစ်​​နေတာကို ဘယ်​​ကျောင်း​ဆရာ၊ ဆရာမကမှ​ စောဒကတက်​တာမျိုး မရှိပါဘူး။ ​ပြေလည်​ရာ​ပြေလည်​​ကြောင်း ​ပေးစရာရှိတာ​ ပေးလိုက်​ကြတာပါပဲ။ ဆရာ၊ ဆရာမ​တွေဘက်​က ဒီကိစ္စ​တွေ​ မ​ပြောကြတာက ပုဂ္ဂိုလ်​​ရေး အဆင်​မ​ပြေမှု​တွေ ဖြစ်​လာမှာ မလိုလားတာ​တွေလည်း ပါပါတယ်​။ တ​ချို့ ဆရာ၊ ဆရာမ​တွေကလည်း ကိုယ်​တိုင်​က မမှန်​ကန်​နိုင်​တဲ့အတွက်​ ရုံးကလုပ်​သမျှ ငြိမ်​ခံ​နေတာ​တွေလည်း ရှိပါတယ်​။ ဒါ​တွေဟာ မြို့နယ်​ရုံး​တွေက ဆရာ၊ ဆရာမ​တွေရဲ့ အားနည်းချက်​ကို အခွင့်ကောင်းယူပြီး ကိုယ်​ကျိုးရှာ​နေတာ ဖြစ်​ပါတယ်​။ တကယ်​ဆို မိမိလက်​​အောက်​က ဝန်​ထမ်း​တွေ တာဝန်​​ကျေပွန်​ဖို့၊ စာရိတ္တ​ကောင်းဖို့ မြို့နယ်ရုံး​တွေဟာ ကြပ်​ကြပ်​မတ်​မတ် ​​ဆောင်​ရွက်​သင့်ပါတယ်​။ ဒါ​ပေမယ့် ရုံးလို့ ဆိုလိုက်​တာနဲ့ နှာ​ခေါင်းရှုံ့ချင်​စရာ ​ကောင်း​နေတဲ့ ယဉ်​​ကျေးမှုမျိုးနဲ့ ကျနော်​တို့​ ရှေ့ဆက်​​နေကြမယ်​ဆိုရင်​ တကယ်​တမ်း နစ်​နာကြရမယ့် သူ​တွေဟာ မျိုးဆက်​သစ် ​လူငယ်​​လေး​တွေသာ ဖြစ်​ပါတယ်​။ နိုင်​ငံတ​နိုင်​ငံကို တည်​​ဆောက်​ဖို့ အရည်​အ​သွေး ပြည့်ဝတဲ့ နိုင်​ငံသား​တွေဖြစ်​လာဖို့ လိုအပ်​ပါတယ်​။ နိုင်​ငံရဲ့ အနာဂတ်​ကို တည်​​ဆောက်​ကြမယ့် ​လူသားအရင်းအမြစ်​ကို ပြုစုပျိုး​ထောင်​ရာဌာနမှာ ဒီလို ဆက်​ဖြစ်​​နေမယ်​ဆိုရင်​ ဆရာ၊ ဆရာမ ဆိုတာဟာ အနန္တဂိုဏ်းဝင်​​တွေ မဟုတ်​​တော့ဘဲ သမိုင်းတရားခံ​တွေသာ ဖြစ်​လာပါလိမ့်​မယ်​။ ပညာ​ရေးဟာ တာဝန်​​ကျေပွန်​စွာ ထမ်း​ဆောင်​​နေရုံနဲ့ ပြည့်စုံတဲ့သ​ဘော မဟုတ်​​ပါဘူး။ တာဝန်​သိစိတ်​၊ တာဝန်​ယူလိုစိတ်​၊ တာဝန်​ခံလိုစိတ်​ကို အရင်းတည်​ပြီး စေတနာထား​ ဆောင်​ရွက်​မှသာ ပညာ​ရေးရဲ့အဓိပ္ပာယ်​ဟာ​လည်း ပြည့်စုံ​မှာဖြစ်​ပါတယ်​။ ​နိုင်​ငံဝန်​ထမ်းများဟာ ​လူသားများ ဖြစ်​ပါတယ်​​။ လူဟာ လိုအပ်​ချက်​အများဆုံး သတ္တဝါများ ဖြစ်​ပါတယ်​​။ ဒါ​ကြောင့် လူတိုင်းဟာ ​လိုအပ်​ချက်​​တွေ ရှိ​နေကြမှာ ဖြစ်​ပါတယ်​​။ နိုင်​ငံတ​နိုင်​ငံ၏ အနာဂတ်​ကို ပုံ​ဖော်​ထုဆစ်​​နေကြတဲ့ ပညာ​ရေးဝန်​ထမ်း​တွေအ​နေနဲ့ မိမိတို့ရဲ့လိုအင်​ကို ဖြည့်ဆည်းရင်း တိုင်းပြည်​၏ အနာဂတ်​မျိုးဆက်​သစ်​များအ​ပေါ် လျစ်​လျူရှုခဲ့ခြင်းဟာ​ တိုင်းပြည်​ကို လျစ်​လျူရှုရာ ​ရောက်​ပါတယ်​​။ ပညာ​ရေးဖြင့် ​ခေတ်​မီနိုင်​ငံ​တော်​ကြီး တည်​​ဆောက်​နိုင်​ရန်​အတွက်​ ပညာ​ရေးဝန်​ထမ်းများရဲ့ တာဝန်​သိမှု၊ တာဝန်​​ကျေပွန်​မှု၊ တာဝန်​ယူမှုဟာ အ​ရေးကြီး​ပါတယ်​​။ ဒါ့​ကြောင့် မြိုနယ်​ပညာ​ရေ​ရေးမှူးရုံး​တွေဟာ အ​ခြေခံပညာ​ကျောင်းများမှာ​ တာဝန်​ထမ်း​ဆောင်​​နေကြတဲ့ ဆရာ၊ ဆရာမများ၏ ယုံကြည်​အားထားရ​တဲ့ မြို့နယ်​ပညာ​ရေးမှူးများ၊ မြို့နယ်​ပညာ​ရေးမှူးရုံးများ နည်းပါး​နေသည်​နှင့်အမျှ ပညာ​ရေးရဲ့ အဓိပ္ပာယ်​ဖွင့်ဆိုချက်​နှင့် ပညာ​ရေး​ မျှော်​မှန်းချက်​များဟာ ​ကိန်းဂဏန်းတန်​ဖိုးအရ မြင့်တက်​​နေနိုင်​​သော်​လည်း အရည်​အ​သွေးပြည့်ဝ​တဲ့၊ အစဉ်​​လေ့လာသင်​ယူ​နေ​တဲ့ လူ့​ဘောင်​အဖွဲ့အစည်း ဖြစ်​နိုင်​ရန်​မှာကား​ ရွှေပြည်​​တော် ​​မျှော်​တိုင်း​ဝေး​နေဦးမည်​သာ ဖြစ်ပါ​ကြောင်း ​ရေးသားတင်​ပြအပ်​ပါသည်​။ ပန်းသီကြိုး (ရ​သေ့​တောင်​)
3 years Ago
Up