မြိုင်ကြီးငူ

A d v e r t i s e m e n t With Us

June 13, 2018

ကျောင်းဆရာ အခက်အခဲကြောင့် မြိုင်ကြီးငူ စစ်ရှောင်စခန်းကျောင်း မဖွင့်နိုင်သေး

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကရင်ပြည်နယ် မဲသဝေါဒေသကနေ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်စစ်ရှောင်ဒုက္ခသည် ကလေးငယ်တွေအတွက် ဆရာ မရှိလို့ ကျောင်းမတက်ရသေးပါဘူး။ မြိုင်ကြီးငူဒေသမှာ မြပန်းဝတ်မှုံနဲ့ အေးလင်းမြရှင် စစ်ရှောင်ဒုက္ခသည်စခန်း ၂ ခုရှိပြီး အိမ်ထောင်စု ၁၀၁၇ စု၊ လူဦးရေ ၅၆၁၁ ဦး ခိုလှုံနေကြတာပါ။ အဲဒီထဲက သူငယ်တန်းကနေ ၃ တန်းအထိ ကျောင်းတက်ရမယ့် ကလေး ၅၀၀ လောက်ရှိ တယ်လို့  အေးလင်းမြရှင် စစ်ရှောင်ဒုက္ခသည်စခန်း တာဝန်ခံ ဦးထွန်းက ပြောပါတယ်။ “ကလေးတွေအတွက်ကတော့ လောလောဆယ် ပညာရေးနဲ့ပတ်သက်လာတော့ အခက်အခဲရှိတယ်။ အခုလောလောဆယ် မြပန်းဝတ်မှုံကျောင်းရယ်၊ အေးလင်းမြရှင် ကျောင်းရယ် အခုလောလောဆယ် ပိတ်ထားတယ်လေ။ ကလေးတွေကတော့ စာသင်ချင်တယ်လေ။ အစိုးရကတော့ ကျောင်းဆရာမ မပို့နိုင်ဘူးလေ။ အခု လောလောဆယ် ကျနော်တို့ အေးလင်းမြရှင်ကျောင်းမှာတော့ ကျောင်းသားဦးရေ ၄၀၀ နီးပါးရှိတယ်။ နောက်စခန်းတခုကတော့ ကလေးကတော့ မစုံသေးဘူး ပထမ စာရင်းသွင်းတာ ၈၀ နီးပါး ပါ။” တချို့စစ်ရှောင်ကလေးငယ်တွေ မြိုင်ကြီးငူမှာရှိတဲ့ အစိုးရကျောင်းတွေကို ၀င်ရောက်ကြ ပေမယ့် သတ်မှတ်ကျောင်းသားဦးရေ ပြည့်နေပြီဖြစ်လို့ ၀င်မရတာတွေရှိတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် စစ်ရှောင်စခန်းတွေမှာ ကျောင်းဆရာမတွေ လာရောက်သင်ယူပေးဖို့ အပြင်က ဆရာ၊ ဆရာမတွေကို လိုက်လံရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလဆန်းပိုင်းက ကရင်ပြည်နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသကို ထွက်ပြေးလာကြတာပါ။ ထွက်ပြေးလာတာ အချိန် ၂နှစ်လောက်ရှိပြီဖြစ်ပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ရွာသားတွေဟာ အခုချိန်ထိ အိမ်ပြန်ရဲကြသေးပါဘူး။
3 years Ago

June 26, 2017

မြိုင်ကြီးငူလမ်းခွဲတွင် လမ်းချဲ့ရန် လမ်းဘေးနေအိမ်များကိုဖျက်၊ ရွာခံများကန့်ကွက်

  ကရင်ပြည်နယ် ဘားအံမြို့ကနေ၊ မြိုင်ကြီးငူကိုတက်သွားမယ့် လမ်းခွဲ မုခ်ဦးဝအနီး ထီ့ဖိုးခလုံးရွာမှာ မြိုင်ကြီးငူဆရာတော်က လမ်းချဲ့ဖို့ဆိုပြီး လမ်းဘေးမှာရှိတဲ့ ရွာသားတွေရဲ့ နေအိမ်တွေကို မြေတူးစက်နဲ့ မနေ့က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။ မနေ့ညနေအထိ လမ်းဘေးဝဲယာက အိမ် ၄ လုံးကို ပျက်စီးခဲ့ပြီး ဒီကနေ့မနက် ထပ်ဖျက်ဖို့ လုပ်ဆောင်ရာမှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် သူတို့ရဲ့ စက်ယန္တယားတွေကို ပြန်လည် သိမ်းသွားခဲ့တယ်လို့ ဒေသခံ စောညိုထွန်းအောင်က ပြောပါတယ်။ “မနေ့က ဖြိုတာ ဒီမနက်လည်း သူတို့ထပ်ဖြိုဖို့လာသေးတယ်။ ထပ်ဖြိုမယ့်အချိန်မှာ ဆရာတော် ကိုယ်တိုင်လည်းပါတယ်။ မနေ့ကလည်း ဆရာတော်ကိုယ်တိုင်ဆင်းလာတယ်။  ဒီမနက်လည်း ဆရာတော်ကိုယ်တိုင်ဆင်းလာတယ်။ ဆင်းလာတဲ့အချိန်ကျတော့ ရွာသူရွာသားတွေက လာပြီးတော့ တောင်းပန်ကြတာပေါ့နော်။ တောင်းပန်တဲ့အချိန်မှာမရဘူး။” အဆိုပါလမ်းဟာ ကား ၆ စီးလောက်သွားလို့ရတဲ့လမ်းပြီးအခုတိုးချဲ့ဖို့ ဆရာတော်က ပြင်ဆင်နေတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေသာလင်းက ပြောပါတယ်။ “အခုလောလောဆယ်က လမ်းကျယ်တယ်။ ဒါပေမယ့် သူတို့ထပ်လုပ်ဖို့လေ။ သူတို့ သတ်မှတ်ထားတဲ့ ၅၂၈ ပေတိုးချဲ့ဖို့ အိမ်မလွတ်တဲ့ဟာကို သူတို့လာဖြိုတာ။ အခုလောလောဆယ် သူတို့ ၄ လုံးဖျက်သွားတယ်။ သူက ၅၂၈ ပေအတွင်းရှိတဲ့အိမ်ကို ဖျက်ခိုင်းတယ်။ အခုအကုန်လုံး မဖျက်ရသေးဘူး။” ဘာအတွက်လမ်းချဲ့လဲဆိုတာကို မေးမြန်းရာမှာလည်း ဘာမှပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လတ်တလောဖျက်ခံထားရတဲ့ အိမ် ၄လုံးအတွက် နေရာပြန်စားထိုးပေးတာ မရှိပေမယ့် ဆရာတော်က အဖျက်ခံရတဲ့အိမ် ၄လုံးအတွက် လျော်ကြေးအနေနဲ့ တလုံးကို ကျပ်သိန်း ၁၀၀စီ ပေးတယ်လို့လည်း ပြောပါတယ်။ အဖျက်ခံရတဲ့ အိမ်တွေကတော့ ဦးသန်းအောင် ၂ ထပ်တိုက်အိမ်၊ ဦးအောင်သိန်း ပျဉ်ထောင်အိမ်သွပ်မိုး၊ ဦးအောင်မြင့်အိမ်နဲ့ ဦးရွှေစိန်ထွန်းတိုက်ပုအိမ်တွေဖြစ်ပါတယ်။ ရွာသားတွေရဲ့ကန့်ကွက်မှုကြောင့် ဆက်လက်ဖြိုဖျက်မှုတွေ ဒီကနေ့မရှိပေမယ့် ဘယ်အချိန် ပြန်လည်မယ်ဆိုတာကို ရွာသားတွေ စိုးရိမ်နေကြရပါတယ်။ အဆိုပါဒေသမှာ အရင်ကတည်းက မြိုင်ကြီးငူဆရာတော်က  လမ်းတွေဖောက်လုပ် နေခဲ့တာဖြစ်ပြီး အစိုးရဌာနဆိုင်ရာတွေက ပါဝင်လုပ်ဆောင်တာမရှိခဲ့သလို အခုလည်း လမ်းချဲဖို့က မြိုင်ကြီးငူဆရာတော်ရဲ့ အစီစဉ်သာဖြစ်ပြီး အစိုးရအစီစဉ် မဟုတ်ဘူးလို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေသာလင်းက ပြောပါတယ်။  
4 years Ago
More News
Up