မြိတ်မြို့တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတော်ကျင်းပ

February 12, 2019

မြိတ်မြို့တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ၇၂ နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစုပေါင်းဘီးစီးနင်းပွဲတော်ကို ဒီကနေ့ မနက်ပိုင်းက ကျင်းပပါတယ်။ မြိတ်ကျွန်းစုဒေသ စက်ဘီးစီးကလပ်နဲ့ (MABC) ရယ်ဗီကွန်အားဆေးတို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး စက်ဘီးကစားသမား ၁၂၀၀ ကျော်ပါဝင် ဆင်နွှဲခဲ့ပါတယ်။ MABC နာယက ဦးထွန်းထွန်းက “ဒီပွဲကျင်းပရတာက လူငယ်လေးတွေကိုစိတ်ဓာတ် ခိုင်မာလာအောင်၊ မူးယစ်ဆေးဝါး ကင်းစင်အောင်၊ အားကစားစိတ်ဓာတ်ရှိလာအောင်၊ စုစည်းတတ်တဲ့ အစဉ်အလာလေးတွေ ရှိလာအောင် ကျင်းပပေးရခြင်းဖြစ်တယ်။”လို့ ပြောပါတယ်။ ဒီပွဲဟာ ၃ ကြိမ်မြောက်ကျင်းပတဲ့ပွဲဖြစ်ပြီး အရင် ငြိမ်းချမ်းရေးကို ကြိုဆိုတဲ့အနေနဲ့ စက်ဘီးစီးပွဲတော်တွေကို ကျင်းပခဲ့ဖူးပါတယ်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စက်ဘီးစီးနင်းပွဲကို တိုင်းဒေသကြီးစီမံ/ဘဏ္ဍာ ၀န်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကမ်းနားလမ်းသဲကွင်းမှ တာထွက်ကာ ဗိုလ်ချုပ်လမ်း၊ တံတားဦးလမ်း၊ ဦးမြတ်လေးလမ်း၊ စကားဝါလမ်း၊ လေယာဉ်ကွင်း လမ်း၊ ရှမ်းချောင်းလမ်းမကြီးအတိုင်းစီးနင်းပြီး မဟာသိဒ္ဓိဇယစေတီမှာ ခေတ္တရပ်နားကာ ရှမ်းချောင်းလမ်းမကြီးအတိုင်း ပြန်လည်စီးနင်းပြီး ကမ်းနားလမ်းမှာ ပန်းဝင်ခဲ့ပါတယ်။ ပါဝင်ဆင်နွှဲတဲ့ စက်ဘီးစီး အားကစားသမားတွေနဲ့ မြို့ခံလူထုအတွက် စက်ဘီး ၅ စီးကိုလည်း ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago
Up