မြိတ်ဒေသခံ

May 21, 2019

နိုင်ငံတော်အကြီးအကဲထံ တင်ပြသဖြင့် တရားစွဲခြင်းမဟုတ်ဟု တပ်မတော် ရှင်းလင်း

တပ်မတော် ထောက်ပို့တပ်ရင်းက မြေသိမ်းပြီး လူကိုပါ တရားစွဲဆိုထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်မြို့ လူထုတွေ့ဆုံပွဲမှာ တင်ပြခဲ့သူ တဦးကို တပ်မတော်က ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒီလိုတရားစွဲတာဟာ နိုင်ငံတော်အကြီးကဲတွေကို တင်ပြခဲ့လို့မဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူတွေရှေ့မှာ မဟုတ်မမှန်ထွက်ဆို ပြောဆိုခဲ့တာကြောင့် တပ်မတော်က ပြည်သူလူထုကြားထဲ အထင်မြင်လွဲမှား မခံရစေဖို့အတွက် အသရေဖျက်မှုနဲ့ တရားစွဲဆိုရတာ ဖြစ်တယ်လို့ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောပါတယ်။ ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံရှိတဲ့ မြေကို စစ်တပ်ကသိမ်းယူပြီး လူကိုပါ တရားစွဲခဲ့တယ်လို့ တင်ပြခဲ့သူကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သက်သေအထောက်ထားတွေနဲ့ အကြိမ်ကြိမ်ရှင်းပြခဲ့ပေမယ့် ကာယကံရှင်အနေနဲ့ လက်မခံတာကြောင့် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တပ်မတော်က တရားရုံးမှာ ပထမအကြိမ် တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲခံရသူဆီမှာလည်း သက်ဆိုင်ရာ မြေစာရင်းက ထုတ်ပေးထားတဲ့ ပုံစံနဲ့ မြေပုံစာရွက်တွေ အပြည့်စုံရှိပေမယ့် တကယ်တမ်း အမှုခင်းဖြစ်လာတဲ့အခါ သက်ဆိုင်ရာ မြေစာရင်းက တာဝန်ယူမှု မရှိဘူးလို့လည်း တရားစွဲဆိုခံရသူက ပြောပါတယ်။ တပ်မတော် တာဝန်ရှိသူကတော့ သက်ဆိုင်ရာ မြေစာရင်းရဲ့ လွဲမှားမှုတွေသာဖြစ်ပြီး အဲဒီမြေနေရာဟာ ပြည်ထဲရေးဌာနကနေ တပ်မတော် ထောက်ပို့တပ်အတွက် ၂၀၀၉ ခုနှစ်ထဲက ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူကို ဒီဗွီဘီက သွားရောက်မေးမြန်းပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ သတင်း - အောင်ကျော်
4 years Ago

July 27, 2018

ရဲတံခွန်စီမံကိန်း အကောင်ထည်ဖော်ရေး မြိတ်ဒေသခံများနှင့်ဆွေနွေးပွဲ ပြေလည်မှုမရ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ လုပ်ကိုင်မယ့် ရဲတံခွန်စီမံကိန်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်မှုနဲ့ ပက်သက်လို့ တာဝန်ရှိသူတွေက ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ပေမယ့် ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် လုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဇူလိုင်လ ၂၆ ရက်နေ့က တနင်္သာရီတိုင်း မြိတ်မြို့မှာ ဒေသတွင်း လူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီစီမံကိန်းကို မလေးရှားနိုင်ငံပိုင် PETRONAS ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ PC မြန်မာကုမ္ပဏီက ဦးဆောင်လုပ်ကိုင်မှာဖြစ်ပြီး စီမံကိန်း စတင်လုပ်ကိုင်တဲ့အခါမှာ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အခုလို လာရောက်ဆွေးနွေးခဲ့ကြတာပါ။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဒေါက်တာစိုးမိုးအောင် “လုပ်ငန်းသစ် ဆောင်ရွက်တဲ့အခါမှာ ပတ်ဝန်းကျင် ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် နည်းပညာတွေနဲ့ လျှော့ချပြီး ဆောင်ရွက်သွားမယ် ဆိုတာကို လူထုကို အသိပေးတင်ပြတာ ဖြစ်ပါတယ်။ တင်ပြတဲ့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်သွားတဲ့ နည်းလမ်းတွေထဲက ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရှိတယ်ဆိုရင် အကြံပြုဆွေးနွေးပေးဖို့၊ ကျနော်တို့လုပ်ငန်းကို အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်း ပါဝင်ဆောင်ရွက်ပေးဖို့ အဓိကရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးပွဲ လုပ်တာပါ” လို့ ပြောပါတယ်။ အခုစီမံကိန်းဟာ နိုင်ငံအကျိုးစီးပွားနဲ့ ဒေသတွင်း အကျိုးစီးပွား ဖြစ်ထွန်းမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မရှိတာရယ်၊ စီမံကိန်း လုပ်ကိုင်မယ့်နေရာဟာ တနင်္သာရီတိုင်းဒေသ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေအတွက် ထိခိုက်မှုတွေ ရှိတာကြောင့် ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးစန်းမောင်က “ဒေသတွင်း သဘာဝသယံဇာတွေ ထွက်ရှိပြီး ကျနော်တို့နိုင်ငံ ဘယ်လောက်ထိ အကျိုးရှိလဲ။ ဒါ့အပြင် ကျနော်တို့ ဒေသကြီးကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလဲ။ အဲဒီအတွက် ကျနော်တို့အားလုံး ဒါတွေကို သိချင်တယ်။ ကျနော်တို့ အမျိုးသားအကျိုးစီးပွားတွေ၊ အကျိုးအမြတ်တွေ အများကြီး ဖြစ်ထွန်းမယ်။ ကျနော်တို့ တိုင်းဒေသကြီးအတွက် အကျိုးအမြတ်တွေ ရှိမယ်ဆိုရင် နောက်လုပ်ငန်း တစိတ်တဒေသကို ကျနော်တို့ စွန့်လွှတ်လိုက်ရမယ်ဆိုရင်တောင် ကျနော်တို့ နေပျော်တယ်။ နိုင်ငံတော်လည်း အကျိုးမရှိဘူးဆိုရင်တော့ နောက်လုပ်ငန်းမှာ ကျနော်တို့ တနင်္သာရီတိုင်းသူတိုင်းသားတွေ အဓိကစီးပွားရေးမှာ လုပ်ကိုင်ဖို့ ထိခိုက်သွားမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းအတွက် ပြန်ပြီးစဉ်းစားပေးတာလည်း မရှိဘူး” လို့ ပြောပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေမယ့် ရဲတံခွန်စီမံကိန်း ရေနံလုပ်ကွက် M12, M13, M14 သုံးခုရဲ့ ပင်လယ်ပြင် ဧရိယာအကျယ်ဝန်းဟာ ကီလိုမီတာစကွဲယား ၃ သောင်းဝန်းကျင် ရှိပြီး အခုစီမံကိန်းကို ၂ဝ၁၈ ခုနှစ် မိုးရာသီအကုန်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ အခုတွေ့ဆုံပွဲမှာ ဒေသတွင်း လူထုတွေ စိတ်ကျေနပ်မှု မရရှိခဲ့တာကြောင့် ဆွေးနွေးပွဲ မပြီးဆုံးခင်မှာပဲ ဒေသခံတွေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ အောင်ကျော်
5 years Ago
Up