မြိတ်တွင် ကမ္ဘာ့စက်ဘီးစီးနင်းနေ့အထိမ်းအမှတ် စက်ဘီးနင်းပွဲကျင်းပ

June 3, 2018

မြိတ်တွင် ကမ္ဘာ့စက်ဘီးစီးနင်းနေ့အထိမ်းအမှတ် စက်ဘီးနင်းပွဲကျင်းပ

  မြိတ်မှာ ကမ္ဘာ့စက်ဘီးစီးနင်းနေ့အထိမ်းအမှတ် စက်ဘီးနင်းပွဲကို ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ World Bike Day ကို ဂုဏ်ပြုတဲ့အနေနဲ့ မြိတ်စက်ဘီး အသင်း (MABC) မှ ဦးဆောင်ပြီး စက်ဘီးစီးဝါသနာပါသူ ၁၀၀ ကျော်နဲ့ မြို့မအားကစားကွင်း ရှေ့မှ တာထွက်ပြီး ဗဟိုလမ်းမှတဆင့် ထားဝယ်စုမီးသတ်လမ်း၊ ဘုရာကြီးလမ်း၊ တပ်ပြင်လမ်း၊ အောက်ရေပုန်းလမ်း၊ နတ်စင်လမ်း၊ လေယာဉ်ကွင်းလမ်းအတိုင်းစီးနင်းပြီး ကားကြီးဝင်းမှတဆင့် ရွှေပြည်တန်လမ်း၊ တိုးချဲ့ဈေးလမ်း၊မြတ်လေးလမ်း၊ မြို့သစ်တံတားဦးလမ်း၊ နောက်လယ် (၁)လမ်း မှတဆင့် ကမ်းနားလမ်းအတိုင်းစီးနင်းပြီး ကမ်းနားသဲကွင်း Sea View Condo အနီးမှာ ပန်းဝင်ခဲ့ကြောင်း သိရပါတယ်။ မြိတ်စက်ဘီးအသင်းမှ ဒုဥက္ကဋ္ဌ ဦးဇော်ဝမ်းက “ကမ္ဘာ့စက်ဘီးစီးနေ့ကို ကျနော်တို့ မြိတ်မြို့က စက်ဘီးစီးဝါသနာရှင်တွေနဲ့ပူးပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ ဒီစက်ဘီးနင်းပွဲကို ကျင်းပ ပါတယ်။ အခုဆိုရင် မြိတ်မြို့မှာ စက်ဘီးစီး ဝါသနာရှင်တွေ အရင်ကထက်များပြားလာတယ်။ ကျန်းမာရေးအတွက် အသက်ကြီးပိုင်းတွေ စက်ဘီးနင်းကြသလို မျိုးဆက်သစ်လူငယ်တွေလည်း အားကစားတရပ်အနေနဲ့ ကျနော်တို့ (MABC) အဖွဲ့နဲ့ ပူးပေါင်းပြီး စက်ဘီးနင်းကြတော့ ဝမ်းမြောက်ဂုဏ်ယူမိတယ်။ မျိုးဆက်သစ်လူငယ်တွေ ပူးပေါင်းလာတာ ပိုပြီးဝမ်းမြောက်မိတယ်။ ခုခေတ် လူငယ်ရဲ့သဘာဝ အားကစားတခုခုကို စိတ်မဝင်စားရင် စိတ်လေပြီး လမ်းမှားရောက်မှာကို စိုးရိမ်မိတယ်”လို့ ပြောပါတယ်။ ကမ္ဘာ့စက်ဘီးစီးနေ့ကို မြိတ်မြို့မှာ စက်ဘီးစီးပွဲတော်ကျင်းပသလို တခြားမြို့ကြီးတချို့မှာလည်း ကျင်းပခဲ့ကြပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
4 years Ago
Up