မြိတ်တက္ကသိုလ်

June 8, 2018

မြိတ်တက္ကသိုလ် ၃ ခုက ကျောင်းသားများကို ထိုင်းနိုင်ငံက ပညာသင်ဆုများပေးမည်

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တွေအတွက် ထိုင်းနိုင်ငံက ပညာသင်ဆုတွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက ဘုရင့်တက္ကသိုလ် King Mongkut's of Technology အနေနဲ့ မြိတ်မြို့မှာရှိတဲ့ တက္ကသိုလ်တွေ ကျောင်းသူ/သားတွေကို ပညာသင်ဆုပေးဖို့ ဇွန် ၇ ရက်နေ့က မြိတ်မြို့၊ ဂရင်းဂျိတ်ဟိုတယ်မှာ လာရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့ရဲ့ စီးပွားရေး၊ ပညာရေး တိုးတက်စေဖို့ ရည်ရွယ်ပြီး အခုလို ပညာသင်ဆုတွေ လာရောက်ချီးမြှင့်တာလို့ AKM Tourism မှ ဦးအောင်ကြည်မြင့်က ပြောပါတယ်။ အဲဒီတက္ကသိုလ်က အစိုးရတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အဓိက တက္ကသိုလ်ဖြစ်တဲ့ အပြင် ကမ္ဘာ့အဆင့်ကို တက်လှမ်းနေပြီ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်း ၃ ကျောင်းက ကျောင်းသား ၂ ဦးစီ Beachlor အတန်းအတွက် တက်ခွင့်ရမှာဖြစ်ပြိး Master တန်းအတွက် ၁ ဦး၊ Ph.D တန်းအတွက် ၁ ဦးလည်း တက်ခွင့်ရမယ်လို့ ဆိုပါတယ်။ Bachelor တန်းအတွက် ၄ နှစ်အတွက် ကျောင်းလခလွတ်ငြိမ်းခွင့် ၁ လ ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲ ရရှိမှာ ဖြစ်ပြီး Master တန်း စာသင်နှစ် ၄ နှစ်အတွက် ဘတ် ၃၂၀၀၀၀၊ ထောက်ပံ့ကြေး လစဉ် ဘတ် ၁ သောင်းခွဲ နဲ့ နေစရာ စီစဉ်ပေးမယ်လို့ သိရပါတယ်။ Ph.D တန်း စာသင်နှစ် ၃ နှစ်အတွက် ဘတ် ၇ သိန်း ၂ သောင်း၊ လစဉ်ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲနဲ့ နေရာထိုင်ခင်းစီစဉ်ပေးမှာဖြစ်ပြီး ပညာသင်ဆု ရရှိသူတိုင်း သင်တန်း ၁ နှစ်အတွက် အသွားအပြန် လောယာဉ်လက်မှတ် အခမဲ့ရမယ်လို့ ဦးအောင် ကြည်မြင့်က ပြောပါတယ်။ "စာချုပ်ထဲမှာတော့ပညာသင်ဆုရပြီး ဘွဲ့ရလာတဲ့ သူက မြိတ်ခရိုင်မှာ ၂ နှစ် အလုပ်အကျွေးပြုရမယ်။ မြိတ်တက္ကသိုလ် ၃ ခုမှာ ပညာသင်နေတဲ့ကျောင်းသူ/ သားများဆိုပေမယ့် တခြားမြို့ကနေလာရောက်ကျောင်းတက်တဲ့ သူတွေလည်း ၀င်ရောက်ရွေးချယ်ခွင့်ရှိပါတယ်။ တခြားချုပ်ခြယ်မှုတွေ မရှိပါဘူး။ Masterတန်းအတွက် အသက် ၃၅ နှစ် အောက်နဲ့ Ph.D တန်းအတွက် အသက် ၄၀ ထက်မကြီးတဲ့ သူတွေဖြစ်ရပါမယ်။” ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသားတွေကို ပညာသင်ဆုပေးဖို့ အစီအစဉ်တွေ ရှိပေမယ့် MOU ထိုးဖို့ နှောင့်နှေးတာတွေ ရှိနေကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
3 years Ago

March 2, 2018

မြိတ်တက္ကသိုလ် သင်္ကြန်ပွဲ ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့် ပါဝင်ဆင်နွှဲ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ မတ်လ ၂ ရက်နေ့က မြိတ်တက္ကသိုလ်ကျောင်းတွင်း သင်္ကြန်ပွဲကို ကျင်းပခဲ့ရာမှာ ကျောင်းသူ/သား ၃၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုချမ်းမြေ့နိုင်က "မနက် ၇ နာရီကနေ ၁၂ နာရီအထိ ကျင်းပခဲ့တာပါ။ ဒီပွဲလေးက မြိတ်တက္ကသိုလ်သမိုင်းတလျှောက်မှာ ပထမဆုံး ကျင်းပတဲ့ပွဲလေးပါ။ အဖွဲ့အစည်းတခု၊ မေဂျာတခုက ကျင်းပတာမဟုတ်ဘဲ မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဘာသာရပ်ပေါင်းစုံ၊ ဆရာ/မများအားလုံး ပူးပေါင်းပါဝင်ခဲ့တဲ့ ပွဲလေးလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။ ကျောင်းသူ ကျောင်းသားတွေအကြားမှာ ပိုမိုချစ်ကြည်ရင်းနှီးမှု ရှိလာစေဖို့၊ ဆရာ၊ ဆရာမတွေနဲ့ အတန်း EC တွေကြားမှာ ပူးပေါင်းပါဝင်မှု ရှိစေဖို့၊ ကျောင်းတော်ကြီးရဲ့ အလုပ်ကိစ္စတွေကို ဆောင်ရွက်ရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီပွဲလေးကို ကျင်းပတာလို့ ဆိုပါတယ်။ သီချင်းဆိုပွဲတွေ၊ ယိမ်းအကတွေ၊ စတုဒိသာကျွေးမွေးပွဲတွေနဲ့ တကယ့်သင်္ကြန်ပွဲတော်တခုလို ကျင်းပခဲ့တာဖြစ်ပြီး အထူးစည်ကားခဲ့တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
4 years Ago
Up