မြိတ်ကျွန်းစုအတွင်း ကင်းမွန်မီးထွန်းစက်လှေတစီး နစ်မြုပ်

September 18, 2017

မြိတ်ကျွန်းစုအတွင်း ကင်းမွန်မီးထွန်းစက်လှေတစီး နစ်မြုပ်

မြိတ်ကျွန်းစု ရေပြင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာ ၁၇ ရက်နေ့က ကင်းမွန်မီးထွန်း စက်လှေတစီး နစ်မြုပ်ခဲ့ပါတယ်။ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ပင်ပန်းကျွန်းတောင်ဘက် တောင်ပြိုကျွန်းနဲ့ မရမ်းတောင်ကျွန်းကြားမှာ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က နစ်မြုပ်ခဲ့တယ်လို့ ကပကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပရည်ကျွန်း ကျေးရွာနေ ဦးထွန်းစိုး ပိုင်ဆိုင်ပြီး အလျား ၃၂ ပေ၊ အနံ ၆ ပေ၊ စောက် ၅ ပေရှိ တရုတ်စက် ၁၀ ကောင် ၂ လုံး ဘေးချိတ် တပ်ဆင်ထားတဲ့ စက်လှေဖြစ်ပါတယ်။ လှေပေါ်မှာ စက်ဆရာ အပါအဝင် ရေလုပ်သား ၅ ဦး လိုက်ပါလာတယ်လို့ ကပကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကင်းမွန်မီးထွန်း စက်လှေက ကျောက်ချ ရပ်နားထားတဲ့အချိန်မှာ လှိုင်းကြီးလာပြီး လှေပဲ့ပိုင်းကို လိုင်း ၂ လုံး၊ ၃ လုံးလောက် ဝင်တိုက်တာကြောင့် စက်လှေ နစ်မြုပ်သွားခဲ့တယ်လို့ ဦးမြင့်လွင်က ပြောပါတယ်။ နစ်မြုပ်ခဲ့ချိန်မှာ စက်လှေပိုင်ရှင်က အချိန်မီ သွားရောက် ကူညီခဲ့ရာမှ ကင်းမွန်မီးထွန်း စက်လှေပေါ် ရေလုပ်သားတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ စက်လှေ နစ်မြုပ်သွားလို့ မဆယ်ယူနိုင်တဲ့ စက်လှေပါပစ္စည်း စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း ၁၀၀ လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)
4 years Ago
Up