ဗြိတိန်ဝန်ကြီးချုပ်သစ်

July 27, 2019

ဗြိတိန်ဝန်ကြီးချုပ်သစ် ရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံ

ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ဟာ ရဲတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်မယ့် အစီအစဉ် ကြေညာပြီးနောက် ဇူလိုင် ၂၆ ရက်နေ့မှာ ၀က်စ်မစ်လန်း ကောင်တီကို သွားပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အရင်အစိုးရတွေ လက်ထက်မှာလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် လျှော့ချရေး အစီအစဉ်နဲ့ ဆန့်ကျင်ဘက်ပါ။ အကြမ်းဖက်ရာဇ၀တ်မှု မြင့်တက်လာတဲ့အပေါ်မှာ မဲဆန္ဒရှင်တွေ စိုးရိမ်တဲ့အတွက်  လာမယ့် သီတင်းပတ်တွေအတွင်း ရဲတပ်ဖွဲ့အင်အား ၂၀,၀၀၀ ထပ်မံတိုးမြှင့်ဖို့လည်း ဂျွန်ဆင်ရဲ့ အစီအစဉ်မှာ ပါဝင်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ပရီတီ ပတယ်နဲ့ အက်ဒ်ဘတ်ဆန် ဆင်ခြေဖုံးကို သွားရာမှာ ဂျွန်ဆင်ဟာ ဒေသခံတွေကို နှုတ်ဆက်ပြီး ဓာတ်ပုံအတူ တွဲရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်သစ် ဂျွန်ဆင်ကို လူတိုင်းက  အပြုံးနဲ့ ကြိုဆိုတာတော့ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဖို့ ဂျွန်ဆင်လာရာမှာ ဆန္ဒပြသူတစုက ဘရက်ဇစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး အီးယူအလံတွေ ပါတဲ့ ခေါင်းစည်းစာတန်းတွေ ကိုင်မြှောက် ဆန္ဒပြကြပါတယ်။ ဗြိတိန်ခေါင်းဆောင်သစ်ဟာ နိုင်ငံအတွင်း လူသတ်မှုနှုန်းနဲ့ ဓားကိုင်တိုက်ခိုက်မှု မြင့်မားလာတာကို ဆက်ခံဖြေရှင်းရမှာပါ။ ဒီလိုမြင့်တက်လာတာဟာ ကွန်ဆာဗေးတစ်ပါတီ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up