ဗြိတိန် ဝါရင့်ဝန်ကြီး ဒေမီယန်ဂရင်း ရာထူးမှနုတ်ထွက်

December 22, 2017

ဗြိတိန် ဝါရင့်ဝန်ကြီး ဒေမီယန်ဂရင်း ရာထူးမှနုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဝါအရင့်ဆုံး ဝန်ကြီးတဦးဖြစ်တဲ့ ဒေမီယန်ဂရင်းဟာ ဒီဇင်ဘာ ၂၀ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒေမီယန်ဂရင်းဟာ သူ့ရဲ့ လွှတ်တော်ရုံးခန်းအတွင်းရှိ ကွန်ပျူတာတွေမှာ တွေ့ရှိရတဲ့ ညစ်ညမ်းဗွီဒီယိုနဲ့ ပတ်သက်ပြီး အထင်မှားစေတဲ့ မှတ်ချက်စကား ပြောကြားခဲ့တာကို ပြည်တွင်း စုံစမ်းရေးဌာနက တွေ့ရှိပြီးနောက် ဝန်ကြီးချုပ် ထရီဆာမေက နုတ်ထွက်စာတင်ဖို့ တောင်းဆိုခဲ့တာပါ။ ယုံကြည်ရဆုံးသူတဦး နုတ်ထွက်ခဲ့တဲ့အတွက် ဘရက်ဆစ် (Brexit) ညှိနှိုင်းမှုတွေ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် မေအဖို့ ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မေရဲ့ မိတ်ဆွေဟောင်းတဦးလည်းဖြစ်တဲ့ ဂရင်းကို ပြီးခဲ့တဲ့ဇွန်လ ရွေးကောက်ပွဲကာလအတွင်းက ရာထူးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မေရဲ့ ခေါင်းဆောင်မှုကို တည်ငြိမ်စေဖို့နဲ့ ကွန်ဆာဗေးတစ်ပါတီအတွင်း မေအား ရာထူးကနေ နုတ်ထွက်စေလိုတဲ့ ရန်သူတွေကို တန်ပြန်တိုက်ခိုက်ဖို့ ဒေမီယန်ဂရင်းကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်မေထံ ပေးပို့ခဲ့တဲ့စာထဲမှာ ဂရင်းက “ဝန်ကြီးဌာနဆိုင်ရာ ကျင့်ဝတ်တွေကို ဖောက်ဖျက်မှုနဲ့ ရာထူးကနေ နုတ်ထွက်ခိုင်းတဲ့အပေါ်မှာ ကျေနာ် စိတ်မကောင်းဖြစ်ရပါတယ်။  ကျနော်ဟာ အဲဒီကွန်ပျူတာတွေကနေ ညစ်ညမ်းဗွီဒီယို ကြည့်ရှုတာနဲ့ ကူးယူတာကို မပြုလုပ်ခဲ့ပါဘူး” လို့ ရေးသားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up