ဗြိတိန် လက်ယာစွန်းပါတီခေါင်းဆောင်၏ မွတ်ဆလင်ဆန့်ကျင်ရေးဗွီဒီယို ထရမ့် တွစ်တာတွင် လွှင့်တင်

November 30, 2017

ဗြိတိန် လက်ယာစွန်းပါတီခေါင်းဆောင်၏ မွတ်ဆလင်ဆန့်ကျင်ရေးဗွီဒီယို ထရမ့် တွစ်တာတွင် လွှင့်တင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်က လက်ယာစွန်းပါတီ ခေါင်းဆောင်တယောက် လွှင့်တင်ထားတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး ဗွီဒီယိုဖိုင်ကို နိုဝင်ဘာ ၂၉ ရက်မှာ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။ အဲဒီ မွတ်ဆလင်ဆန့်ကျင်ရေး ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တဲ့ ဗြိတိန် လက်ယာစွန်းပါတီခေါင်းဆောင် ဂျေဒဖရန်ဆန် (Jayda Fransen) ဟာ အခုလအစောပိုင်းက မွတ်ဆလင်အမျိုးသမီးတဦးကို စော်ကားခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ ဗြိတိန် ဝင်လာတာကို ဆန့်ကျင်တဲ့ “ဗြိတိန်သာပထမ” အုပ်စုရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်တဲ့ ဂျေဒဖရန်ဆန်ဟာ နိုဝင်ဘာ ၂၉ ရက်နေ့မှာ မွတ်ဆလင်လူအုပ်တအုပ်က ဆယ်ကျော်သက် ကလေးတဦးကို သေသည်အထိ ရိုက်နှက်ခဲ့ပြီး ခရစ်ယာန်ဘာသာရေးနဲ့ဆိုင်တဲ့ ရုပ်တုကိုလည်း ဖျက်ဆီးခဲ့ပုံတွေပါတဲ့ ဗွီဒီယိုဖိုင်ကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတက အဲဒီဗွီဒီယိုဖိုင်ကို ပြန်လည်လွှင့်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်မှာရော၊ ဗြိတိန်မှာပါ ဝေဖန်မှုတွေ ဖြစ်ပွားစေခဲ့တာပါ။ ဗြိတိန် လေဘာပါတီခေါင်းဆောင် ဂျရမီ ကိုဘင်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ “သူတို့ဟာ အမုန်းတရားကို ပွားစေသလို ကျနော်တို့ လူ့အဖွဲ့အစည်းကိုလည်း အန္တရာယ်ပြု ခြိမ်းခြောက်နေတယ်” လို့ ရေးသားခဲ့ပါတယ်။
3 years Ago
Up