ဗြိတိန် ခရီးသွားများနှင့် ထိုင်း ညကလပ်အစောင့်များ ရန်ပွဲ

August 18, 2016

ဗြိတိန် ခရီးသွားများနှင့် ထိုင်း ညကလပ်အစောင့်များ ရန်ပွဲ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက် ကော့ဆန်လမ်းမပေါ်မှာ ဗြိတိန်ခရီးသွားတွေနဲ့ ညကလပ်က အစောင့်တွေ ထိုးကြိတ်နေတဲ့ ရုပ်သံဖိုင်ကို ထိုင်းမီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။ သြဂုတ် ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ဗြိတိန်ခရီးသွားတဦးကို ညကလပ်အစောင့်တွေက ၀ိုင်းဝန်းထိုးကြိတ်နေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့အပြီး အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတာ ဖြစ်ပါတယ်။ စနုတ်သတင်းဌာနမှာတော့ ဗြိတိန်အမျိုးသားတဦးကို ၀ိုင်းဝန်းထိုးကြိတ်လို့ မြေပေါ်လဲကျသွားတာကို တွေ့ရပါတယ်။ လမ်းဘေးဈေးသည်တဦးက ထိုးကြိတ်တာကို ရပ်တန့်ဖို့ အော်ဟစ်တောင်းဆိုနေတာကိုလည်း ရုပ်သံဖိုင်မှာ ကြားရပါတယ်။ သိပ်မကြာခင်မှာပဲ ဗြိတိန်နိုင်ငံသားရဲ့ သူငယ်ချင်းတွေ ရောက်လာပြီး ကူညီခဲ့တဲ့အတွက် ရန်ပွဲက ပြီးဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီအဖွဲ့က ချနစုန်ခရမ်ရဲစခန်းကို သွားရောက် တိုင်ကြားခဲ့သလို ဒီထဲက တယောက်က သွေးအလိမ်းလိမ်းနဲ့ စခန်းကို ရောက်လာတယ်လို့ ဆိုပါတယ်။ ခရီးသွားတွေကို ကလပ်ထဲဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့လို့ ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။ ထိုင်းရတ်သတင်းမှာတော့ ကလပ်အစောင့် ၂ ဦးကို အလုပ်က ထုတ်လိုက်ပြီး ၂ လ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ကာ ခရီးသွားကို ဘတ် ၁ သောင်း လျော်ကြေးပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ခရီးသွားတွေကို ကူညီစောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ ပြောခွင့်ရကတော့ ဘတ်ဒီးဟိုတယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တွေက ဘီယာကို ကိုင်ဆောင်ကာ ဟိုတယ်က ဘားထဲကို ၀င်ဖို့ ကြိုးစားတာလို့ ပြောပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းအရ အပြင်က ယမကာကို ယူလာတဲ့အတွက် မ၀င်ဖို့ တားမြစ်ခဲ့ရာက နောက်ပိုင်းမှာ ရန်ပွဲအထိ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
5 years Ago
Up