ဗြိတိန်ဝန်ကြီးချုပ်သစ်လက်ထက် မဟာမိတ်ဆက်ဆံရေး ဆက်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း အိုဘားမား ပြော

July 15, 2016

ဗြိတိန်ဝန်ကြီးချုပ်သစ် အစိုးရအဖွဲ့ ၀န်ကြီးများ ခန့်အပ်

ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ထရီဇာ မေ (Theresa May) ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ၀န်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်တဲ့နေ့မှာပဲ အစိုးရသစ် အဖွဲ့ဝင် ၀န်ကြီးတချို့ကို ခန့်အပ်ကြေညာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ အီးယူက ခွဲထွက်ရေးခေါင်းဆောင် အရင် လန်ဒန်မြို့တော်ဝန် ဘောရစ် ဂျွန်ဆင် (Boris Johnson) ကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ အရင် နိုင်ငံခြားရေးဝန်ကြီး ဖီးလစ် ဟမ်မွန် (Philip Hammond) ကိုတော့ အစိုးရသစ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ပါတယ်။ ၀န်ကြီးချုပ် ထရီဇာ မေ အရင်ကိုင်ခဲ့တဲ့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးနေရာကိုတော့ အရင် စွမ်းအင်နဲ့ ရာသီဥတုထိန်းချုပ်ရေးဝန်ကြီး အမ်ဘာ ရက်ဒ် (Amber Rudd) ကို ခန့်အပ်ပါတယ်။ အမ်ဘာ ရက်ဒ်လည်း ထရီဇာ မေလိုပဲ အမျိုးသမီး ပြည်ထဲရေးဝန်ကြီး ဖြစ်လာတာပါ။ ဗြိတိန်နိုင်ငံဆိုင်ရာ အီးယူညှိနှိုင်းရေးဝန်ကြီး နေရာကိုတော့ အီးယူမှ ခွဲထွက်ရေးဘက်က ရပ်တည်ခဲ့တဲ့ ဒေးဗစ် ဒါဗစ်စ် (David Davis) ကို ခန့်အပ်ပါတယ်။ ထရီဇာ မေဟာ ဗြိတိန်ရဲ့ သံမဏိဝန်ကြီးချုပ် မာဂရက် သက်ချာနောက် ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတာပါ။ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းက ဂျာမနီဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတတို့က ထရီဇာ မေကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။
5 years Ago

July 14, 2016

ဗြိတိန်ဝန်ကြီးချုပ်သစ်လက်ထက် မဟာမိတ်ဆက်ဆံရေး ဆက်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း အိုဘားမား ပြော

ဗြိတိန်ဝန်ကြီးချုပ်သစ် ထရီဇာ မေ လက်ထက်မှာလည်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ မဟာမိတ်ဆက်ဆံရေး အကောင်းဆုံးအနေအထားကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမား၊ နောက်တက်လာမယ့် အမေရိကန် သမ္မတသစ်တို့ဟာ ဗြိတိန်ဝန်ကြီးချုပ်သစ် ထရီဇာ မေနဲ့ ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မာဖို့ အကောင်းဆုံး ကြိုးစားသွားကြမယ်ဆိုတာကို သမ္မတအိုဘားမားက အပြည့်အ၀ ယုံကြည်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တာဝန်က နုတ်ထွက်ခဲ့ပြီး ဗြိတိန်ပြည်ထဲရေးဝန်ကြီးဟောင်း ထရီဇာ မေက ဗြိတိန်ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်တော့မှာပါ။ ထရီဇာ မေဟာ ၀န်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းလက်ထက်မှာ အတွေ့အကြုံ အများဆုံး ၀န်ကြီးတဦးဖြစ်ပြီး အီးယူခေါင်းဆောင်တွေနဲ့ ဗြိတိန်နိုင်ငံရဲ့ အနာဂတ်အရေး အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်သွားနိုင်မယ့်သူအဖြစ် အာဏာရ ကွန်ဆာဗေးတစ်ပါတီ အမတ်တွေက ထောက်ခံကြတာပါ။ ပြီးခဲ့တဲ့တပတ်ကတော့ ဗြိတိန်ဝန်ကြီးချုပ်နေရာအတွက် လက်ရှိ စွမ်းအင်ဝန်ကြီး အင်ဒရေ လီဆွမ် (Andrea Leadsom) နဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် အင်ဒရေလီဆွမ်က အလျှော့ပေးလိုက်တဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမယ့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဖြစ်လာပါတယ်။
5 years Ago
Up