ဗြိတိန်ဝန်ကြီးချုပ်

June 9, 2019

ဗြိတိန်ဝန်ကြီးချုပ်နေရာ အရွေးခံမည့် မိုက်ကယ်ဂုဗ် မူးယစ်ဆေး သုံးခဲ့ဖူးကြောင်း ၀န်ခံ

ဗြိတိန်ဝန်ကြီးချုပ် ထရေဇာမေရဲ့ နေရာကို အစားထိုးလက်ခံဖို့ ထိပ်တန်းပြိုင်ဘက်ဖြစ်တဲ့ မိုက်ကယ်ဂုဗ်က အကြိမ်ရေအတော်များများ မူးယစ်ဆေး သုံးမိတဲ့အတွက် နက်နက်ရှိုင်းရှိုင်း နောင်တရတယ်လို့ ပြောလိုက်ပါတယ်။ လူငယ်သတင်းထောက်ဘဝက လူမှုရေး မိတ်ဆုံပွဲတွေမှာ ကိုကင်း မူးယစ်ဆေး သုံးဖူးတယ်လို့ ဂုဗ်က ပြောတဲ့အကြောင်း ဗြိတိန်အခြေစိုက် ဒေးလီးမေးလ်သတင်းဌာနက ဇွန်လ ၇ ရက်မှာ ကိုးကားဖော်ပြခဲ့တာပါ။ “ဒါဟာ အမှားပဲ၊ အတိတ်ကို ပြန်တွေးခဲ့ရင် မလုပ်ဖြစ်ခဲ့ဖို့ ဆန္ဒရှိမိတယ် ထင်တယ်” လို့ မိုက်ကယ်ဂုဗ်က ပြောပါတယ်။ “လွန်ခဲ့တဲ့ နှစ်၂၀ က အမှားပါပဲ။ ဒါပေမယ့် အတိတ်က အမှားက အခု အရည်အချင်း မဲ့တယ်လို့ ငြင်းလို့ရတယ်ဆိုတာ မယုံဘူး” လို့ သူက ဆက်ပြောပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်က သဘောတူညီချက်မရှိဘဲ ခွဲထွက်မလား အဲလို ခွဲထွက်ရင် မှန်လား မှားလား ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေလို့ ဗြိတိန်ဝန်ကြီးချုပ် မေဟာ ရာထူးကနေ နုတ်ထွက်တော့မှာပါ။ သူ့နေရာအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးနေချိန်မှာ မိုက်ကယ်ဂုဗ်ရဲ့ နောက်ကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့မှာ ပြိုင်ပွဲဆက်ပြိုင်မလားဆိုတာ ကြေညာရမှာပါ။ ဝန်ကြီးချုပ် ရွေးချယ်ရေး လုပ်ငန်းစဉ်ဟာ ဇူလိုင် လကုန်ပိုင်းမှာ ပြီးစီးရမှာ ဖြစ်ပါတယ်။
2 years Ago

February 15, 2019

အိုင်ယာလန်နယ်စပ် အရေးကိစ္စ အပြောင်းအလဲလုပ်ရန်လိုဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းပြော

အိုင်ယာလန်နယ်စပ် အရေးကိစ္စမှာ ဗြိတိန်အနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ်မေက အကောက်ခွန်ယူနီယံကို အဓိကထားတဲ့ အယူအဆကို ပယ်ချခဲ့ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဂျွန်ဆင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအတွက် ဘရဲဆစ် မူဝါဒကို အပြောင်းအလဲ လုပ်နိုင်တဲ့  မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ပါတယ်။ “ကျနော်ကတော့ အဆိုပြုနေတဲ့အရာကို ဂရုတစိုက် လေ့လာချင်ပါတယ်။ အဲဒါဟာ ဗြိတိန်ကို ဗြိတိန် အလိုကျ  ထွက်ခွာမှုမျိုးပေးရပါမယ်။ အချိန်သတ်သတ်မှတ်မှတ် ဆန္ဒအလျောက် ထွက်ခွာနိုင်ရပါမယ်။ မဟုတ်ရင်တော့ ကျနော်တို့ရဲ့ ကုန်သွယ်ရေး မူဝါဒကို ထိထိရောက်ရောက် စီမံခန့်ခွဲစေနိုင်တဲ့  အီးယူအလိုကျ အစီအစဉ်တွေထဲမှာ ပိတ်မိနေပါလိမ့်မယ်။” “အားလုံးမျှော်လင့်တာက နှစ်ဘက်စလုံးကို အောက်လွှတ်တော်မှာ တိုရီပါတီမှာ ငြင်းခုံနေတာကို ထားခဲ့ပြီး တခြားနေရာကို ရွေးစေလိုပါတယ်။ ဘရပ်ဆဲလ်ကို ၀န်ကြီးချုပ်သွားပြီး ကျနော်တို့ လိုနေတဲ့ အပြောင်းအလဲကို ရယူစေလိုပါတယ်။ ၀န်ကြီးချုပ်က သူလုပ်မယ်လို့ ပြောထားတယ်။ ကျွန်တော်ကတော့ အဲဒါကို မျှော်လင့်ချက်ကြီး လို့မြင်တယ်။ သူလုပ်နိုင်ရင် ကျနော်တို့ ပြိုင်ပွဲ ၀င်ရပြီ။ ကျနော်တို့ ဒီအကျပ်အတည်းက လွတ်မြောက်နိုင်တဲ့ အခွင့်အရေးရိရှင် စစ်မှန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ပြုလုပ်ဖို့ နောက်တစ်ဆင့် ညှိနှိုင်းမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က လေဘာပါတီခေါင်းဆောင် ဂျရယ်မီကိုဘင်ဟာ ဘရဲဆစ်သဘောတူညီချက်ကို ပါလီမန်မှာ ထောက်ခံဖို့ စည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲမှာ ၀န်ကြီးချုပ်မေအနေနဲ့ ရှင်းလင်းလွယ်ကူပြီး ထာဝရတည်ရှိမယ့် ဗြိတိန်တလွှား အကောက်ခွန်ယူနီယံစနစ်ကို ကြိုးပမ်းဖို့ တောင်းဆိုထားပါတယ်။
3 years Ago
More News
Up