ဗြိတိန်လေကြောင်းလိုင်း

September 13, 2018

လန်ဒန်မှ ကနေဒါသို့ ပြန်သန်းမည့် ဗြိတိန်လေကြောင်းလိုင်းလေယာဉ် အရေးပေါ်ဆင်းသက်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ ကနေဒါနိုင်ငံ ကယ်လ်ဂါရီမြို့ကို ပျံသန်းမယ့် ဗြိတိန်လေကြောင်းလိုင်းက လေယာဉ်တစီးဟာ စက်တင်ဘာ ၁၂ ရက်က အရေးပေါ် လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်မောင်းတဲ့ အခန်းထဲကနေ မီးခိုးတွေ ထွက်လာတယ်လို့ လေယာဉ်မှူးတွေက သတင်းပို့ခဲ့ကြောင်း ဒေသခံသတင်းတွေက ထုတ်ပြန်ပါတယ်။ အီကယ်လွစ်လေဆိပ်မှာ လေယာဉ်ဆင်းသက်လာချိန် အရေးပေါ်ကားတွေက လေယာဉ်ကို ဝန်းရံထားပုံ ရုပ်သံကို ရိုက်တာသတင်းဌာနက ဖြန့်ချိခဲ့ပါတယ်။ ခရီးသည် အယောက် ၂၀၀ လောက်ကို တင်ထားတဲ့ လေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၇ နာရီ မိနစ် ၂၀ လောက်မှာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတာပါ။ နည်းပညာ ချို့ယွင်းချက်ကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဗြိတိန်လေကြောင်းလိုင်းက သတင်းဌာနကို ပြောပါတယ်။ ခရီးသည်တွေရဲ့ ခရီးစဉ် နှောင့်နှေးမှုတွေအတွက် အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့လည်း လေကြောင်းလိုင်းက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
3 years Ago

May 11, 2016

ဗြိတိန်လေကြောင်းလိုင်း စတုရန်းပုံ လေယာဉ်ဘီးဖြင့် အောင်မြင်စွာ ဆင်းသက်ခဲ့

မေ ၅ ရက်နေ့မှာ ဟောင်ကောင်ကနေ ထွက်ခွာလာတဲ့ British Airways လေကြောင်းပိုင် အဲဘတ်စ် အေ-၃၈၀ လေယာဉ်တစီးဟာ စတုရန်းပုံ လေယာဉ်ဘီးနဲ့အတူ လန်ဒန်မြို့၊ ဟိသ်ရိုးလေဆိပ်ကို ဆင်းသက်နိုင်ခဲ့တယ်လို့ စီအန်အန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီထူးဆန်းတဲ့ ဓာတ်ပုံကို လေကြောင်းဆိုင်ရာသတင်းတွေ ဖော်ပြပေးတဲ့ သည်အေဗီရေးရှင်းဟာရေးလ်ဒ် (The Aviation Herald) က အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။ လေယာဉ်ဟာ စတင်ထွက်ခွာစ အချိန်မှာပဲ တာယာဘီးတွေရဲ့ ဖိအားနဲ့ ပတ်သက်ပြီး လေဆိပ်ဝင်ပေါက် အရောက်သွားနိုင်မှာ မဟုတ်တဲ့အတွက် ကြိုးနဲ့ဆွဲသွားရနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို လက်ခံရရှိခဲ့တယ်လို့ လေကြောင်းလိုင်းက ဆိုပါတယ်။ ဒါပေမယ့် လေယာဉ်မောင်းသူဟာ ဆက်လက်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၃ နာရီကြာ ပျံသန်းခဲ့ပြီးနောက်မှာတော့ လေဆိပ်ဆီ တခြားအကူအညီမလိုအပ်ဘဲ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လေယာဉ်ညာဘက်တာယာအပေါ်နဲ့ အောက်ဘက်ပိုင်းမှာ ထိခိုက်ပျက်စီးသွားခဲ့တာကတော့ လေယာဉ်အမှုထမ်းတွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ မြို့ပြလေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့ကတော့ “ဒါဟာ စူးစမ်းချင်စရာတခုပါပဲ။ ကျနော်တို့ အရင်က ဒါမျိုးမတွေ့ဘူးခဲ့ပါဘူး” လို့ ဒေးလီးမေးလ်သတင်းကို ပြောပါတယ်။ ဒါဟာ ဘယ်လိုဖြစ်လာခဲ့သလဲဆိုတော့ ဗြိတိန်တော်ဝင်လေကြောင်းဆိုင်ရာ အဖွဲ့အစည်းမှ ကူမာမိုင်ဆိုးက ခုလို စတုရန်းပုံ လေယာဉ်ဘီးတွေဟာ အဲဘတ်စ် အေ-၃၈၀ အမျိုးအစား လေယာဉ်ရဲ့ ၀န်အားဖြန့်ဝေမှုပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ “ခင်ဗျားမြင်တဲ့အတိုင်းပဲ လေယာဉ်ဘီးတွေ လုံးဝပျက်စီးသွားတာမှ မဟုတ်တာ။ ဒါဟာ (လေယာဉ်ပေါ်ပါ) ၀န်အားဒဏ်ကို ခံနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ ခင်ဗျား ရာဘာကွင်း အရုပ်ကစားစရာတခုကို ညှစ်ကြည့်လိုက်ရင် သူဟာ ပုံစံမျိုးစုံ ပြောင်းသွားနိုင်သလိုပေါ့။” British Airways လေကြောင်းလိုင်း တာဝန်ရှိသူတွေကတော့ လေယာဉ်ဟာ အန္တရာယ်ရှိတဲ့ အခြေအနေ မဟုတ်ပါဘူးလို့ အတည်ပြု ပြောလိုက်ပါတယ်။ “ကျနော်တို့လေကြောင်းပိုင် လေယာဉ်ဟာ ဘီး ၂၂ ခုထဲက တခုသာ ခုလိုအခြေအနေမျိုးနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က သာမန်အခြေအနေနဲ့ ဆင်းသက်နိုင်ခဲ့တာပါ။ ကျနော်တို့ အင်ဂျင်နီယာတွေဟာ ဒီတာယာကို လဲလိုက်ဖို့ အလျင်အမြန်ပဲ ဆောင်ရွက်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။
6 years Ago
Up