ဗြိတိန်ရေငုပ်သမားပြော

July 16, 2018

ရေငုပ်သင်္ဘောဖြင့် ကလေးများကိုကယ်မည့်အကြံ စတန့်ထွင်မှုဖြစ်ဟု ဗြိတိန်ရေငုပ်သမားပြော

ဂူထဲမှာပိတ်မိခဲ့တဲ့ ထိုင်းကလေးငယ်တွေကို ကယ်တင်ဖို့ အသေးစား ရေငုပ်သင်္ဘော တစင်းတီထွင်ခဲ့တဲ့ အီလွန်မတ်ရဲ့ အစီအစဉ်ဟာ လူအထင်ကြီးအောင် စတန့်ထွင်မှုတမျိုးသာ ဖြစ်တယ်လို့ ကလေးတွေကို သွားရောက်ကယ်တယ်ခဲ့တဲ့ ဗြိတိန်ရေငုပ်သမားတဦးက ပြောကြောင်း BuzzFeed သတင်းမှာ ဖော်ပြပါတယ်။ နာမည်ကျော် တီထွင်သူတဦးဖြစ်တဲ့ အီလွန်မက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကလေးတွေ လိုဏ်ဂူထဲပိတ်မိနေစဉ် ကယ်ဖို့ အသေးစား ရေငုပ်သင်္ဘောတစင်း တီထွင်ထားကြောင်း ထုတ်ပြန်ခဲ့လို့ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သူပဲဖြစ်ပါတယ်။ မတ်ရဲ့ အစီအစဉ်ဟာ ဂူထဲမှာဆိုရင် လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူးလို့ ဗြိတိန်ရေငုပ်သမား ဗန်အန်ဆော့က ပြောပါတယ်။ အန်ဆော့ဟာ ဂူထဲက ကလေးတွေကို ကယ်တင်ခဲ့တဲ့ နိုင်ငံတကာ ပူးပေါင်းအဖွဲ့အစည်းမှာ အဓိကနေရာက ပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ အန်ဆော့က မတ်ရဲ့ဖန်တီးမှုကို လုံးဝသဘောမတူပဲ “သူ့ပစ္စည်းက ဂူထဲမှာဆိုရင် ဘယ်လိုမှအလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သူ့ရေငုပ်သင်္ဘောက အနည်းဆုံး ၅ ပေ၊ ၆ ပေလောက်ရှိပါမယ်။ ပြီးတော့ သူဟာဂူထဲက လမ်းကြောင်းတွေက ဘယ်လိုလဲဆိုတာ လုံးဝ မသိပါဘူး။ သူ့သင်္ဘောက ဂူထဲက အချိုးအကွေ့တွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သူ့သင်္ဘောနဲ့ ဝင်ပေါက်ကနေ မီတာ ၅၀ လောက်တောင် ဝင်ဖို့မဖြစ်နိုင်ပါဘူး၊ ဒါ့ကြောင့် သူ့ရဲ့ဖန်တီးမှုက လူစိတ်ဝင်စားခံရအောင် စတန့်ထွင်ခြင်း သက်သက်ပါပဲ” လို့ အန်ဆော့က CNN နဲ့ အင်တာဗျူးအစီစဉ်တခုမှာ ပြောခဲ့ပါတယ်။ မတ်ရဲ့အစီစဉ်နဲ့ ပတ်သက်တဲ့ သူ့သဘောထားအမြင်ကို သတင်းထောက်က မေးမြန်းချိန်မှာ ဒီလိုပြောခဲ့တာပဲဖြစ်ပါတယ်။ မတ်က ရေငုပ်သမားတွေကို ဂူထဲကိုဝင်ပြီး ကလေးတွေကို ကယ်ဆယ်နေတဲ့အချိန်မှာ သူ့ရေငုပ်သင်္ဘောကို လိုအပ်ရင် အသုံးပြုဖို့ ထားရစ်ခဲ့ပါတယ်။ သူ့သင်္ဘောဟာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကိုက်ညီမှုမရှိ ဘူးလို့ ကယ်ဆယ်ရေးကို ကြီးကြပ်ဆောင်ရွက်သူတဦးက ပြောဆိုခဲ့တာကြောင့် ဒေါသထွက် ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။
5 years Ago
Up