ဗြိတိန်မော်ဒယ် ပြန်ပေးဆွဲခံရသည့်ကိစ္စ အရှုပ်အထွေး

August 14, 2017

ဗြိတိန်မော်ဒယ် ပြန်ပေးဆွဲခံရသည့်ကိစ္စ အရှုပ်အထွေး

ဗြိတိန်မော်ဒယ် ခလိုးအေလင်းကို အီတလီနိုင်ငံ မီလန်မြို့မှာ ပြန်ပေးဆွဲထားခဲ့တုန်းက ပြန်ပေးသမားတွေဟာ မော်ဒယ်အေဂျင်စီကိုပို့တဲ့ အီးမေးလ်ထဲမှာ ပေါင်ငွေ ၅ သောင်း တောင်းခံခဲ့ပြီး ဆက်သွယ်ရမယ့် စီးပွားရေးလုပ်ငန်းရှင် ၃ ဦးရဲ့ အမည်စာရင်းတွေကို ရေးထားခဲ့ပါတယ်။ အဲဒီစာထဲမှာ “ခုပြန်ပေးဆွဲတဲ့ကိစ္စ သတင်းမီဒီယာတွေထဲမှာ ပါလာရင် မော်ဒယ်နဲ့ လုပ်ငန်းတခုခုစဖြစ်ဖို့ အထောက်အကူ ပြုနိုင်လိမ့်မယ်ဆိုတာ သေချာတယ်” လို့လည်း ဖော်ပြထားခဲ့တာပါ။ ဒါပေမယ့် မော်ဒယ်ကို ကယ်တင်ဖို့အတွက် အဲဒီစီးပွားရေးလုပ်ငန်းရှင် ၃ ဦးထဲက တယောက်ကမှ ငွေကြေးမပေးခဲ့ကြပါဘူး။ စာထဲမှာတော့ ဒီပြန်ပေးငွေကို ပေးလိုက်မယ်ဆိုရင် မော်ဒယ်အနေနဲ့ အဆင်ပြေသွားနိုင်လိမ့်မယ်လို့လည်း ရေးထားခဲ့တာပါ။ ဒီစာအရ အသက် ၂၀ အရွယ် မော်ဒယ်ပြောခဲ့တဲ့ မီလန်မှာ ဓာတ်ပုံရိုက်ကွင်းအတုနဲ့ ကြုံခဲ့ပြီး ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ပြောဆိုမှု၊ သူကြုံတွေ့ရတဲ့ တုန်လှုပ်ချောက်ချားစရာ ကိစ္စတွေအပေါ် လျှို့ဝှက်ချက်တခုလို ဖြစ်နေပါတယ်။ မျက်မြင်သက်သေတွေကလည်း ဗြိတိန်မော်ဒယ်နဲ့ ပြန်ပေးသမား လူကက်ဇ်ဟာဘာကို အတွဲတွေလို့ ထင်နေခဲ့ကြတာပါ။ လန်ဒန်တောင်ပိုင်းမှ နေအိမ်ကို ပြန်ရောက်နေတဲ့ မော်ဒယ် ခလိုးကတော့ သူ့ကို အိတ်တလုံးထဲထည့်၊ လက်ထိတ်ခတ်ပြီး ဆွဲခေါ်သွားတယ်။ ပြီးတော့ မှောင်ခိုဝက်ဘ်ဆိုက်တခုမှာ လိင်ကျွန်အဖြစ် ပေါင် ၂ သိန်း ၇ သောင်းနဲ့ လေလံတင်ခဲ့တယ်လို့လည်း ပြောပါတယ်။ သူ့ကို ပြန်ပေးဆွဲခဲ့တဲ့ ပိုလန်နိုင်ငံဖွား အသက် ၃၀ အရွယ် လူကက်ဇ်ဟာဘာက သူ့မှာ ကလေးရှိတယ်ဆိုတာ နောက်ပိုင်းမှာ သိသွားလို့ သနားသွားခဲ့တာဖြစ်ပြီး မီလန်မြို့က ဗြိတိန်ကောင်စစ်ဝန်ရုံး ပြန်ပို့ပေးချိန်မှာ ဖမ်းခံခဲ့ရတာပါ။ နောက်ပိုင်းထွက်လာတဲ့ သတင်းတွေအရ ဖမ်းဆီးခံနေရစဉ်အတွင်း ဗြိတိန်မော်ဒယ်ဟာ ပြန်ပေးသမားနဲ့ တအိပ်ရာတည်း အိပ်ခဲ့ပြီး ပြန်ပေးသမားကလည်း သူမကို ခေါ်ပြီး ဖိနပ်ထွက်ဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မီလန်မြို့က သူ့ရဲ့ မော်ဒယ်အေဂျင်စီ ဖေလ်ဂရင်းထံ ပေးပို့တဲ့ ပြန်ပေးသမားတွေရဲ့ စာထဲမှာ မော်ဒယ်ဟာ ဘလက်ဒက်သ်လို့ခေါ်တဲ့ အင်မတန်ရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းတခုရဲ့ ဖမ်းဆီးခြင်း ခံထားရတယ်လို့လည်း ရေးထားခဲ့တာဖြစ်ပြီး နောက်နေ့မှာတော့ ပြန်ပေးငွေက သူ့အတွက် တောင်းခဲ့တာလို့ ပြန်ပေးဆွဲသူက ပြောပါတယ်။ ဟာဘာရဲ့ အသက် ၆၀ အရွယ် ဖခင်တော့ “ဒီဇာတ်လမ်းတခုလုံးနဲ့ ပတ်သက်ပြီး တခုခုတော့ မဟုတ်တော့ဘူး။ လွဲနေပြီ” လို့ ပြောလိုက်ကြောင်း သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up