ဗြိတိန်မော်ဒယ်အား

August 6, 2017

ဗြိတိန်မော်ဒယ်အား ဆေးခတ်ပြန်ပေးဆွဲပြီး မှောင်ခိုဈေးကွက်တွင် လေလံတင်ရောင်းချရန်ကြိုးစား

ဗြိတိန်နိုင်ငံသူ မော်ဒယ် တယောက်ကို ဆေးခတ်ပြီး အီတလီနိုင်ငံ မီလန်မြို့မှာ ၆ ရက်ကြာ ပြန်ပေးဆွဲခံရမှုမှာ ကန်ဒေါ်လာ ၃ သိန်းနဲ့ ပြန်မရွေးခဲ့ရင် အင်တာနက်ပေါ်ကတဆင့် မှောင်ခိုဈေးကွက်မှာ လေလံတင်ဖို့ ပြန်ပေးသမားက ကြိုးစားခဲ့တယ်လို့ အီတလီရဲတွေက သြဂုတ် ၅ ရက်နေ့က ပြောပါတယ်။ မော်ဒယ်ရဲ့ နာမည်ကိုတော့ ရဲတွေက မဖော်ထုတ်ခဲ့ပါဘူး။ သူဟာ ဇူလိုင် ဆယ်ရက်နေ့မှာ ဓာတ်ပုံရိုက်ခံဖို့ သူ့ရဲ့ ဗြိတိန်အေဂျင်စီက ကိုယ်စားလှယ်နဲ့အတူ မီလန်ကို စေလွှတ်ခံခဲ့ရတာပါ။ နောက်နေ့မှာပဲ သူ့ကို ဓာတ်ပုံဆရာဆိုသူ အမျိုးသားက ဆေးခတ်၊ အိတ်တလုံးထဲ ထည့်ပြီး တူရင်မြို့နားက ဝေးလံသီခေါင်တဲ့ ဘော်ဂီယယ် ရွာဆီ သယ်လာတာ ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုမှာပါတဲ့ မီလန်မြို့က အကြီးတန်း ရဲအရာရှိ ဆေရေနာ ဖရားရီးကတော့ “မိန်းကလေးရဲ့ စိတ်ဖိစီးမှုက အစွန်းရောက်အောင် ဖိအားများနေတယ်၊ သူဟာ အလွန်အမင်း ကြောက်နေတယ်” လို့ ပြောပါတယ်။ ဗြိတိန်မှာ နေထိုင်တဲ့ ပိုလန်နိုင်ငံသားကို ပြန်ပေးဆွဲမှု သံသယနဲ့ ဖမ်းထားပါပြီ။ အသက် ၂၀ အရွယ် အမျိုးသမီးကိုတော့ မီလန်မြို့က ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပို့ထားပါတယ်။ အမျိုးသား ၂ ယောက်က သူ့ကို အမေရိကန်ဒေါ်လာ ၃ သိန်းနဲ့ အွန်လိုင်းပေါ်မှာ ရောင်းဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သူ့ကို ပရိဘောဂနဲ့တွဲလျက် လက်ထိတ်ခတ်ထားခဲ့ပြီး ၆ ရက်အကြာမှာ ပြန်ရွေးငွေ မရပေမယ့် မီလန်မြို့က ဗြိတိန်သံရုံးဆီ ပြန်ခေါ်လာခဲ့တယ်၊ အဲဒီနောက် သံသယရှိသူ တယောက်က သူ့ကို ကောင်စစ်ဝန်ရုံးရှေ့မှာ ဇူလိုင် ၁၇ ရက်က ချပေးထား ခဲ့တယ်လို့ ရဲက ပြောပါတယ်။ ဒီအကြောင်း ရဲကိုတိုင်ရင် သတ်ပစ်မယ်လို့ အမျိုးသမီးကို ခြိမ်းခြောက်ခဲ့ကြတယ်၊ မော်ဒယ်မှာ ကလေးငယ်လေး ရှိတာကို သံသယရှိသူက သိရှိအပြီးမှာ လိင်ကုန်ကူးမှုနဲ့ မသင့်တော်ဘူးလို့ စဉ်းစားခဲ့တယ်လို့လည်း အီတလီ သတင်းစာက ဖော်ပြပါတယ်။ မော်ဒယ်ကို လိင်ကျွန်အဖြစ် အွန်လိုင်းမှာ လေလံတင်ရောင်းဖို့ ပြန်ပေးဆွဲတာ ဖြစ်နိုင်တယ် ဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးသူတွေက သုံးသပ်လေ့လာနေပါတယ်။ အီတလီရဲတွေက ဗြိတိန်နဲ့ ပိုလန်က အရာရှိတွေနဲ့အတူ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ နိုင်ငံခြားရေးရုံး ပြောခွင့်ရကလည်း ဗြိတိန်သူအတွက် ကောင်စစ်ဝန်ဆိုင်ရာ အထောက်အပံ့တွေ ပေးနေပြီး ဒေသခံအာဏာပိုင်တွေနဲ့အတူ ထိတွေ့အလုပ်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
4 years Ago
Up