ဗြိတိန်ထောက်လှမ်းရေး

June 15, 2015

ထောက်လှမ်းရေး လျှို့ဝှက်ဖိုင်ကုဒ် ရုရှားနှင့် တရုတ် ဖော်ထုတ်နိုင်၍ ဗြိတိန်ထောက်လှမ်းရေး အရွှေ့အပြောင်းလုပ်

အရင် အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာ အက်ဒ၀ပ် စနိုးဒင် ဖွင့်ချလိုက်တဲ့ ထောက်လှမ်းရေး အထူးလျို့ဝှက်ဖိုင်ကုဒ်တွေကို ရုရှားနဲ့ တရုတ်ထောက်လှမ်းရေးတွေက ဖော်ထုတ်နိုင်သွားပြီ ဖြစ်လို့ တခြားနိုင်ငံတွေမှာ တာဝန်ချထားတဲ့ ဗြိတိန်ထောက်လှမ်းရေးတွေကို ဗြိတိန်အစိုးရက အရွှေ့အပြောင်း လုပ်နေရပါတယ်။ နိုင်ငံတကာ ထောက်လှမ်းရေးတာဝန် ယူထားတဲ့ ဗြိတိသျှထောက်လှမ်းရေး အမ်အိုင် ၆ (MI 6) က ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေကို အရေးပေါ် အပြောင်းအရွှေ့ လုပ်နေရတဲ့သတင်းကို ဆန်းဒေးတိုင်း(မ်) (Sunday Times) သတင်းစာက အစိုးရ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။ အမေရိကန်နိုင်ငံကတော့ ဒီအမေရိကန်ထောက်လှမ်းရေး အချက်အလက်တွေကို ဖွင့်ချမှုနဲ့ စနိုးဒင်ကို ရုံးတင်တရားစွဲလိုပေမယ့် စနိုးဒင်ကတော့ ၂၀၁၃ ခုနှစ်က ရုရှားနိုင်ငံမှာ ခိုလှုံခွင့် ရရှိသွားပါတယ်။ အခုလို ရုရှားနဲ့ တရုတ်ထောက်လှမ်းရေးဌာနတွေက အမေရိကန်ထောက်လှမ်းရေး အထူးလျို့ဝှက်ဖိုင် ကုဒ်တွေကို ဖော်ထုတ်နိုင်သွားတဲ့အတွက် အမေရိကန်နဲ့ ဗြိတိသျှထောက်လှမ်းရေးတွေရဲ့ ကိုယ်ရေးအသေးစိတ် အချက်အလက်တွေပါ ပေါက်ကြားနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဗြိတိန်ထောက်လှမ်းရေး တဦးတယောက်ကိုမှ ထိခိုက်တာ မရှိသေးဘူးလို့လည်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ရုံးပြောခွင့်ရကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ပေမယ့် တရားဝင်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
6 years Ago
Up