ဗြိတိန်အလုပ်ကြော်ငြာ

May 4, 2018

ဝတ်လစ်စလစ်ဖြင့် သန့်ရှင်းရေးဝန်ဆောင်မှုပေးမည့် ဗြိတိန်အလုပ်ကြော်ငြာ ဝေဖန်မှုမြင့်တက်

ဗြိတိန်နိုင်ငံမှာ အစိုးရအလုပ်ခေါ်ကြော်ငြာတွေကြား ဝတ်လစ်စလစ်နဲ့ ဝန်ဆောင်မှုပေးရမယ့် သန့်ရှင်းရေးဝန်ထမ်း အလုပ်ခေါ်ကြော်ငြာဟာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ယော့ခ်ရှိုင်းယားဒေသမှ အသက် ၃၀ အရွယ် အမျိုးသမီးတဦးက သူ့အနေနဲ့ ခုလိုကြော်ငြာကို တွေ့လိုက်ရချိန်မှာ ရှက်ရွံ့ထိတ်လန့်သွားခဲ့ရတယ်လို့ ပြောပါတယ်။ “အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်တွေနဲ့ ဒီလိုပုံစံ အလုပ်ခေါ်တာမျိုးက အတိတ်မှာ ကျန်နေခဲ့ပြီ။” အဲဒီကြော်ငြာဟာ အစိုးရ အလုပ်အကိုင်ကြော်ငြာ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Universal Jobmatch ပေါ်မှာ Fantasy Cleans အမည်နဲ့ ခုလိုတင်ထားခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ မေလ ၃ ရက်နေ့က ဖော်ပြပါတယ်။ ကြော်ငြာပေါ်မှာတော့ “ကွဲပြားခြားနားမှုနဲ့ သန့်ရှင်းရေးဝန်ထမ်းများ” လို့ ဖော်ပြထားကာ အလုပ်သမားတွေအနေနဲ့ တနာရီကို ၂၅ ပေါင်ကနေ ပေါင် ၅၀ ကြား ပေးမယ်လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ကြော်ငြာစာအောက်မှာတော့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတဦးကို အတွင်းခံဝတ်ထားလျက်သား အခြေအနေနဲ့ ကြမ်းပြင်ပေါ်မှာ တွေ့ရပြီး ရာဘာလက်အိတ်နဲ့ ကြမ်းတိုက်ဘရပ်ရှ် ကိုင်ထားခဲ့တဲ့ပုံကို တွေ့ရမှာပါ။ ပုံရဲ့အောက်က စာမှာတော့ အလုပ်ခေါ်ချင်သူတွေကို “ညစ်ပတ်တဲ့ အရာအားလုံးကို သူတို့ လုပ်ဆောင်ပေးနေချိန်မှာ ထိုင်သာနေလိုက်ပါ။ သင်တို့တောင်းဆိုတာ ဘာမဆို သူတို့က ပျော်ရွှင်စွာနဲ့ ကူညီပေးကြပါလိမ့်မယ်” လို့ ရေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အလုပ်ခေါ်သူတွေဘက်က ဝန်ထမ်းကို ဝတ်စုံပြည့်နဲ့လား၊ အတွင်းခံနဲ့လား၊ ဝတ်လစ်စလစ်လားဆိုပြီး ဝန်ဆောင်မှုပေးစေချင်တဲ့အတိုင်း ကြိုက်ရာရွေးချယ်နိုင်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ ခုလို ဝန်ဆောင်မှုကိုတော့ တနင်္လာကနေ သောကြာနေ့ထိ ကြားရက်တွေမှာ မနက် ၉ နာရီကနေ ၅ နာရီခွဲထိ ရရှိနိုင်မှာဖြစ်ပြီး သီတင်းပတ်ကုန်ရက်တွေမှာ ခေါ်ယူလိုတယ်ဆိုရင်တော့ အထူးနှုန်းနဲ့ ကြိုတင်အသိပေးထားဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ဒီအလုပ်ခေါ်ကြော်ငြာဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ ကုမ္ပဏီကတော့ သူတို့အနေနဲ့ ဗြိတိန်ရဲ့ တခြားဧရိယာတွေကိုပါ ချဲ့ထွင်ချင်တာဖြစ်ပြီး ဖောက်သည်တွေကို ဝန်ဆောင်မှုပေးလိုတာဖြစ်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းရေးဝန်ဆောင်မှု ခေါ်ယူလိုသူတွေအနေနဲ့ အမျိုးသမီး သို့မဟုတ် အမျိုးသားဝန်ထမ်းတွေ ခေါ်ယူနိုင်မှာဖြစ်ပြီး သူတို့ကို လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု ပေးဖို့တော့ ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာတော့ လုပ်ငန်းခွင်နဲ့ ပင်စင်ရေးရာ ဦးစီးဌာနကနေ ဒီကြော်ငြာကို ဝက်ဘ်ဆိုက်ပေါ်ကနေ ဖယ်ရှားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ “ကျနော်တို့အနေနဲ့ ဒီအလုပ်ခေါ်ကြော်ငြာကို စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့အတွက် ဖယ်ရှားခဲ့ပါပြီ။”
3 years Ago
Up