အီရန်က ဗြိတိန်အလံ လွှင့်ထူထားတဲ့ ကုန်သင်္ဘောကို ထိန်းသိမ်းထားတာဟာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သွားတဲ့ ဗြိတိန်နဲ့ နိုင်ငံတကာ သင်္ဘောတွေအတွက် အင်မတန် အရေးတကြီး မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျေရမီဟန့်ထ်က ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။
ဗြိတိန်အစိုးရရဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ကော့ဘရာက အခြေအနေကို ဆွေးနွေးနေပြီး အစိုးရက အရေးယူမယ့် လုပ်ဆောင်ချက်တွေအတွက် ဇူလိုင် ၂၁ ရက်မှာ လွှတ်တော်တင်ပြမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဗြိတိန်ကုန်သင်္ဘော စတေနာ အမ်ပေရိုဟာ အီရန်ငါးဖမ်းလှေက သတိပေးချက်ကို လျစ်လျူရှုပြီး ဝင်တိုက်ခဲ့အပြီး သင်္ဘောကို အီရန်တော်လှန်ရေး အစောင့်တပ်က ဇူလိုင် ၁၉ ရက်မှာ ထိန်းသိမ်းထားတယ်လို့ အီရန်အခြေစိုက် ဖားစ်သတင်းဌာနက ပြောပါတယ်။
သင်္ဘောကို ထိန်းသိမ်းနေချိန်မှာ စပိဘုတ်တွေ ဝန်းရံနေပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်တွေပေါ်ကနေတဆင့် သင်္ဘောကုန်းပတ်ပေါ်ကို ဆင်းနေပုံရုပ်သံကို အီရန် တော်လှန်ရေး အစောင့်တပ်က အင်တာနက်ပေါ် ဇူလိုင် ၂၀ ရက်က တင်ခဲ့ပါတယ်။
ကုန်သင်္ဘောပေါ်မှာ ကုန်စည်မပါဘဲ အီရန်ရဲ့ ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းဆီ ခေါ်သွားခဲ့ပါတယ်။
သင်္ဘောပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၈ ယောက် အပါအဝင် ဝန်ထမ်း ၂၃ ယောက် ပါပါတယ်။ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဟော်မုဇ်ဂံ ခရိုင်တောင်ပိုင်းက ဆိပ်ကမ်းနဲ့ အဏ္ဏဝါအဖွဲ့ အကြီးအကဲကို ကိုးကားပြီး အီရန် သတင်းဌာနတွေက ပြောပါတယ်။
2 years Ago