ဗြိတိန်နိုင်ငံ ၆ လကြာ သွားရောက်ခွင့်ဗီဇာ လျှောက်ထားမှုကို ဗြိတိန်အစိုးရက ဇူလိုင် ၂၉ ရက်နေ့က ငြင်းပယ်ခဲ့တယ်လို့ တရုတ်အစိုးရ အတိုက်အခံ အိုင်ဝေေ၀က ပြောပါတယ်။
သူ့ရဲ့ ဗီဇာ လျှောက်ထားမှုမှာ ရာဇ၀တ်မှု ကင်းရှင်းကြောင်းကို လိမ်လည်လျှောက်ထားလို့ အခုလို ဗြိတိန်ပြည်ဝင်ခွင့် ကန့်သတ်လိုက်တာလို့ ဗြိတိန်သံရုံးရဲ့ ထုတ်ပြန်စာမှာ ဖော်ပြထားတာပါ။
အိုင်ဝေေ၀ဟာ ၂၀၁၁ ခုနှစ်က တရုတ်အစိုးရရဲ့ ၈၁ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပေမယ့် သူ့အပေါ် ပြစ်မှုတစုံတရာ စွဲချက်တင်၊ ရုံးတင်ခဲ့ခြင်း မရှိပါဘူး။
၆ လကြာ ဗီဇာလျှောက်ထားမှုကို ရက် ၂၀ ပဲ ပေးခဲ့တဲ့အတွက် လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပမယ့် အိုင်ဝေေ၀ တကိုယ်တော်အနုပညာပြပွဲ ဖွင့်ပွဲပဲ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာပြပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် စီမံခွင့်ရမှာ မဟုတ်ပါဘူး။
အိုင်ဝေေ၀ရဲ့ တကိုယ်တော်ပြပွဲကို လန်ဒန်မြို့က တော်ဝင်အနုပညာအကယ်ဒမီမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတာပါ။
အိုင်ဝေေ၀ဟာ ၂၀၁၂ ခုနှစ်က အခွန်ရှောင်မှုနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း ဒဏ်ငွေပေးဆောင်ဖို့ တရုတ်အစိုးရက ချမှတ်ခဲ့ပြီး အယူခံလည်း ပယ်ချခံရပါတယ်။
အိုင်ဝေေ၀ကတော့ သူ့အပေါ် နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကြောင်းရှာ ချမှတ်တာလို့ ဝေဖန်ပြောဆိုတာပါ။
သူ့ရဲ့ဗီဇာလျှောက်ထားမှုကို ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ကာကွယ်ပြောဆိုပါတယ်။
အိုင်ဝေေ၀ရဲ့ ဗီဇာလျှောက်ထားမှုကို တဦးချင်းအခြေအနေပေါ်မှာ လက်ခံစဉ်းစားခဲ့တာဖြစ်ပြီး လက်ရှိ လူဝင်မှုဥပဒေတွေနဲ့လည်း ကိုက်ညီတယ်လို့ ထုတ်ပြန်ပါတယ်။
သူတောင်းခံတဲ့ရက်အတိုင်း ဗီဇာကို အပြည့်အ၀ ပေးခဲ့တယ်လို့ ဗြိတိန ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
6 years Ago