ဗြိတိန်တွင် မိဘ ၃ ဦး

December 18, 2016

ဗြိတိန်တွင် မိဘ ၃ ဦး ဒီအန်အေဖြင့် ကလေးငယ် မွေးဖွားမှု မိတ်ဆက်

ဗြိတိန်နိုင်ငံ မျိုးဆက်ပြန့်ပွားရေး ဌာနမှ တိုင်းပြည်အတွက် မီးစိမ်းပြလိုက်ပြီး ကမ္ဘာ့ပထမဦးဆုံး တရားဝင် “မိဘသုံးဦးမှ မွေးဖွားသည့်ကလေးငယ်” မျိုးဆက်ပြန့်ပွားရေး ကုသချက်ကို မိတ်ဆက်လိုက်ကြောင်း စီစီတီဗီရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီကုသချက်ဟာ မျိုးရိုးလိုက်တဲ့ ပြင်းထန်တဲ့ ရောဂါတွေနဲ့ မွေးလာမယ့် ကလေးတွေကို ဒီလိုမျိုးရိုးလိုက်တဲ့ ရောဂါတွေ မရရှိအောင်ကာကွယ်ဖို့အတွက် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတဦးတို့ထံမှ ဒီအန်အေကို အသုံးပြုထားတဲ့ ကုသချက်ပါ။ ဒီနည်းလမ်းကို အသုံးပြုကုသခြင်းက ရောဂါရှိနေတဲ့ မိခင်တွေရဲ့ ဒီအင်န်အေပါဝင်တဲ့ သက်ရှိဆဲလ်တွေကို ပြောင်းလဲစေပြီး သူတို့က မွေးဖွားလာမယ့် ကလေးတွေကို ရောဂါဘယကင်းစွာ မွေးဖွားလာနိုင်မှာပါလို့ဆိုပါတယ်။ ဒီကုသချက်ကနေ ဗြိတိန်မိသားစု ၃၀၀၀ ဝန်းကျင်ခန့် အကျိုးကျေးဇူးရနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် ဗြိတိန်နိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ အငြင်းပွားဖွယ်ရာကိစ္စ တခုဖြစ်နေတာပါ။ ဒီကုသချက်ကို အသုံးပြုဖို့ စည်းမျဉ်းဥပဒေတွေ မရှိတဲ့ မက္ကဆီကိုနိုင်ငံမှာ ဒီနှစ်အစောပိုင်းအတွင်း အထက်ပါကုသချက်ကို သုံးပြီး ပထမဦးဆုံးကလေး တဦးကို မွေးဖွားခဲ့တယ်လို့ သတင်းကဆိုပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံရဲ့ ပထမဦးဆုံး “မိဘသုံးဦးမှ မွေးဖွားသည့်ကလေးငယ်” ကုသချက်ကိုတော့ နောက်နှစ် တချိန်ချိန်မှာ မွေးလာနိုင်မယ်လို့ သိရပါတယ်။
5 years Ago
Up