ဗြိတိန်တွင် ဆယ်ကျော်သက်မိန်းကလေးအရွယ် အဆိပ်သောက်သတ်သေမှု မြင့်တက်

May 17, 2016

ဗြိတိန်တွင် ဆယ်ကျော်သက်မိန်းကလေးအရွယ် အဆိပ်သောက်သတ်သေမှု မြင့်တက်

ဗြိတိန်နိုင်ငံမှာ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းက မွေးဖွားလာတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေရဲ့ အဆိပ်သောက် သတ်သေမှုဟာ စိုးရိမ်စရာ အခြေအနေတခုဖြစ်လာပြီး မြင့်တက်လာနေတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဗြိတိသျှဆေးပညာဂျာနယ်ရဲ့ အစီရင်ခံစာအရ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း အမှုပေါင်း ၁၇၈၆၂ ခုရှိကာ ၂၇ ရာခိုင်နှုန်း တိုးလာခဲ့တာလို့ ဆိုပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ ဆင်းရဲတဲ့ဒေသက ဆယ်ကျော်သက် မိန်းကလေးတွေဟာ ၃ ကြိမ်ထက်မနည်း မတော်တဆ၊ ဒါမှမဟုတ် တမင်ကြံရွယ်ပြီး အဆိပ်သောက် သေကြောင်းကြံစည်ဖူးကြတယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်နဲ့ အဆိပ်သောက်သတ်သေမှုဟာ အသက် ၁၆ နှစ်ကနေ ၁၇ နှစ် ကြား အရွယ်တွေမှာ တွေ့ရပြီး ၁၅ နှစ်ကနေ ၁၆ နှစ်ကြား အရွယ်တွေမှာတော့ အရက်နဲ့ အဆိပ်သောက် သတ်သေမှုတွေဖြစ်ပြီး ဒါဟာ ယေဘုယျအားဖြင့် ၂ ဆတိုးလာတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ဆင်းရဲတဲ့ဒေသတွေက မြီးကောင်ပေါက် ဆယ်ကျော်သက်တွေကို လူမှုရေးနဲ့ စိတ်ဓာတ်ရေးရာ ထောက်ပံ့ကူညီပေးမှုတွေလုပ်ဖို့ လိုအပ်နေတာကို ပြသနေတာပါ။ ဒီနှစ်အစောပိုင်းက ဆယ်ကျော်သက်မိန်းကလေးတဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ချိန်မှာ အဆိုပါမိန်းကလေးက သူဟာ အဆိပ်သောက်သတ်သေဖို့ ၁၅ ကြိမ် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ မိဘတွေနဲ့ အတူနေထိုင်ပြီး တယောက်တည်း အိမ်မှာ ကျန်ရစ်ခဲ့ချိန်မှာ ရူးရူးမိုက်မိုက် လုပ်မိလုပ်ရာ လုပ်မိခဲ့တယ်လို့ ၀န်ခံလိုက်တာပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်မှု အမျိုးအစားတခုဖြစ်ပြီး ယေဘုယျအားဖြင့်တော့ တစုံတယောက်ဟာ စိတ်ဓာတ်ကျနေချိန်၊ စိတ်ညစ်ညူးနေချိန်မှာ ဖြစ်တတ်တာမျိုးလို့ စစ်တမ်းအစီရင်ခံစာက ဆိုပါတယ်။ အဆိပ်သောက်သတ်သေတဲ့ သူတိုင်းဟာ သူတို့ဘ၀ကို အဆုံးသတ်လိုက်ဖို့ ကြိုးစားကြသူတွေချည်းလို့ အမြဲမယူဆနိုင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up