အင်္ဂလိပ်ရေလက်ကြားကို ဇန်နဝါရီ ၈ ရက်နေ့က ဖြတ်သန်း ခုတ်မောင်းသွားတဲ့ ရုရှားရေယာဉ်တွေကို ဗြိတိန်ရေတပ် ဖရီးဂိတ်စစ်သင်္ဘောတစီးက လိုက်စောင့်ကြည့်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်ရေပြင်ပိုင်နက်အတွင်း ရုရှားရေတပ်ရဲ့ လှုပ်ရှားမှုတွေကို အခုနှစ်အတွက် ပထမဦးဆုံးအကြိမ် တွေ့မြင်ရတာပဲလို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်တော်ဝင်ရေတပ်က HMS Westminster ဝက်စ်မင်စတာ ဖရီးဂိတ်စစ်သင်္ဘောဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ဗြိတိန်ရေပြင်ပိုင်နက် အနားကနေ ဖြတ်သန်းသွားတဲ့ ရုရှားစစ်သင်္ဘော လေးစီးကို လိုက်လံစောင့်ကြည့်ခဲ့တာပါ။
ရုရှားသင်္ဘောတွေဟာ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးကနေ ပြန်လာတာဖြစ်နိုင်တယ်လို့လည်း ယူဆထားပါတယ်။
ရုရှားစစ်သင်္ဘောလေးစီးမှာ ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးနဲ့ အခြံအရံ စစ်သင်္ဘော နှစ်စီးတို့ ပါပါတယ်။
ဗြိတိန်ရေပြင်ပိုင်နက်ကနေ မြောက်ဘက်ကို ဦးတည်သွားတဲ့အထိ ဗြိတိန် ဖရီးဂိတ်စစ်သင်္ဘောက စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
ရုရှားရေတပ်ရဲ့ အခုလို လှုပ်ရှားမှုတွေကို လတ်တလော သီတင်းပတ်အတွင်း ခဏခဏ တွေ့လာရတယ်လို့လည်း ဗြိတိန်ဘက်က မှတ်ချက်ပေးခဲ့ပါတယ်။
3 years Ago