ဗြိတိန်က ကမ္ဘာ့အသက်အကြီးဆုံး မင်္ဂလာပွဲ

June 21, 2015

လူထုအသုံးစရိတ်လျှော့ချရေးအစီအစဉ် ဗြိတိန်ပြည်သူ သောင်းချီ ဆန္ဒပြ

ရွေးကောက်ပွဲအနိုင်ရ ဗြိတိန်ကွန်ဆာဗေးတစ်အစိုးရရဲ့ လူထုအသုံးစရိတ် လျော့ချရေးအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဇွန် ၂၀ ရက်နေ့က လန်ဒန်မြို့လယ်မှာ ကျင်းပခဲ့ကြပြီး ဗြိတိန်ပါလီမန်အထိ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။ “လူထုခြိုးခြံချွေတာရေးအစီအစဉ်တွေကို ရပ်၊ လူမှုဖူလုံရေးအစီအစဉ်တွေအတွက် စစ်ပွဲတွေကိုရပ်” စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဗြိတိန်ဗဟိုဘဏ်ရှေ့မှာ အရင်စုရုံးခဲ့ကြတာပါ။ အဲ့ဒီနောက်မှာ ဗြိတိန်ပါလီမန်အထိ လမ်းလျှောက်ချီတက်သွားခဲ့ကြပြီး အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေဟာ ပါလီမန်ရှေ့မှာ လူထုဟောပြောပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။ လက်ရှိ အာဏာရ ကွန်ဆားဗေးတစ်ပါတီဟာ ပြီးခဲ့တဲ့လရွေးကောက်ပွဲမှာ မမျှော်လင့်ပဲ အနိုင်ရရှိခဲ့ပြီး အစိုးရလိုငွေပြမှုကို ကာမိဖို့ လူထုအသုံးစရိတ်တွေကို လျော့ချဖို့ လုပ်ဆောင်နေတာပါ။ မြောက်အိုင်ယာလန် ဒုဝန်ကြီးချုပ်လည်း ဆန္ဒပြချီတက်ပွဲကို တက်ရောက်လာပြီး မိန့်ခွန်းပြောဆိုပါတယ်။ “ဒီအစိုးရဘတ်ဂျက်ဖြတ်တောက်မှုအစီအစဉ်တွေဟာ ကျနော်တို့လူထုထဲမှာ အခွင့်အရေးအနည်းဆုံး လူတွေ၊ မသန်မစွမ်းနဲ့ သက်ကြီးရွယ်အိုတွေကိုပဲ ထိခိုက်မှာပါ။ ကျနော်အစိုးရ ၀န်ကြီးတဦးအနေနဲ့တော့ အခုလိုပြည်သူတွေကို ထိခိုက်မယ့် အစိုးရအစီအစဉ်တွေကို လုပ်မှာမဟုတ်ပါဘူး။” ဒီဆန္ဒပြချီတက်ပွဲကို ဗြိတိန်အလုပ်သမားသမဂ္ဂတွေ၊ စစ်ဆန့်ကျင်လှုပ်ရှားသူတွေ၊ အတိုက်အခံေ လေဘာပါတီနဲ့ ဂရင်းပါတီဝင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ခြိုးခြံချွေတာရေး အစီအစဉ် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကြီးက ဦးဆောင်စီစဉ်တာပါ။ ပါဝင်ချီတက်သူအားလုံး ၈ သောင်းကျော်တယ်လို့ အင်တာနက်လူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။ anti-austerity-protestsအခုလိုလူထုဆန္ဒပြပွဲကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကလည်း ဗြိတိန်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က လုပ်ခလစာ တိုးမြှင့်ပေးရေး ဦးဆောင်ကျင်းပခဲ့ပါတယ်။ အဲ့ဒီတုန်းက လူ ၉ သောင်းလောက်ပါဝင်ချီတက်ခဲ့ကြပါတယ်။
6 years Ago

June 14, 2015

ဗြိတိန်က ကမ္ဘာ့အသက်အကြီးဆုံး မင်္ဂလာပွဲ

မင်္ဂလာဆောင်တဲ့နေ့ဟာ သတို့သား သတို့သမီးတိုင်းအတွက် စိတ်လှုပ်ရှားဖွယ်နေ့ ဖြစ်ပါတယ်။ ဇွန် ၁၃ ရက်နေ့က ပြုလုပ်တဲ့ ဗြိတိန်က မင်္ဂလာဆောင်ကတော့ စိတ်လှုပ်ရှားရုံမက၊ စံချိန်သစ်နဲ့ မှတ်တမ်းဝင်သွားပါတယ်။ သတို့သား ဂျောခ်ျကာဘေးရဲ့ အသက်က ၁၀၃ နှစ်ဖြစ်ပြီး သတို့သမီး ဒိုရင်း လူကီရဲ့ အသက်က  ၉၁ နှစ် ရှိပါပြီ။ သူတို့ နှစ်ယောက်ဟာ နှစ်ပေါင်း ၃၀ လောက် အတူနေထိုင်ခဲ့ကြပြီး အခုမှ တရားဝင် ထိမ်းမြားလက်ထပ်ကြတာဖြစ်ပါတယ်။ အင်္ဂလန် တောင်ပိုင်းက ကမ်းခြေမြို့ဖြစ်တဲ့ ဟက်စတင်းမြို့ငယ်လေးက Langham  ဟိုတယ်မှာ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ ရှေ့မှောက်မှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ မင်္ဂလာဆောင်ပွဲကို ပြုလုပ်တာပါ။ ၂၀၁၃ ခုနှစ်က  မင်္ဂလာမောင်နှံဟာ နှစ်ယောက်ပေါင်း အသက် ၁၈၈ နှစ်နဲ့ စံချိန်တင်ထားလို့ အခု ဂျော့ခ်ျနဲ့ ဒိုရင်းတို့ မင်္ဂလာမောင်နှံနှစ်ယောက်ရဲ့ အသက်ပေါင်းလိုက်ရင် ၁၉၄ နှစ်ဖြစ်လို့  စံချိန်သစ် တင်လိုက်နိုင်ပါတယ်။
6 years Ago
Up