ပြိုကျပျက်စီး

October 20, 2017

ဆောမြို့နယ် စေတုတ္တရာ ကားလမ်းပိုင်းအနီး စေတီတဆူ ပြိုကျပျက်စီး

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းလို့ ဆော-လောင်းရှည်-ငဖဲ-စေတုတ္တရာ ကားလမ်း မိုင်တိုင်အမှတ် ၄၆/၄ နှင့် ၄၆/၅ ကြား လောင်းရှည်ရွာအနီး ကားလမ်းဘေးရှိ စေတီတစ်ဆူမှာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပြိုကျပျက်စီးသွားပါတယ်။ အဆိုပါ စေတီမှာ ရှစ်မျက်နှာစေတီတစ်ဆူဖြစ်ကာ လက်ရာသပ်ရပ်ပြီး အုတ်ကြွတ်အမိုးနဲ့ တည်ထားတာဖြစ်ပါတယ်။ အုတ်ခဲပေါ်မှာလည်း အင်းဝခေတ်လက်ရေးစာတွေ တွေ့ရပြီး ပြိုကျပျက်စီးသွားလို့ နှမြောကြောင်း သမိုင်းသုတေသီ တဦးဖြစ်သူ ဦးစောမင်းနိုင်က ပြောပါတယ်။ စေတီပြိုကျမှု မဖြစ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကို လောင်းရှည် အုပ်ချုပ်ရေးမှူးက တင်ပြခဲ့ပေမယ့် မြေထိန်းနံရံ မဆောင်ရွက်နိုင်မီ ကာလအတွင်း စေတီပြိုကျသွားတာဖြစ်ပြီး စေတီပြိုကျသွားလို့ ပြန့်ကျဲသွားတဲ့ အုတ်နီခဲတွေကို ကားလမ်း ပိတ်ဆို့မှု မဖြစ်ရေး ဒေသခံတွေက ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ သတင်း၊ဓာတ်ပုံ - ယောသားလေး သန်းဝင်းနိုင်
4 years Ago

August 4, 2017

သထုံတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး

မွန်ပြည်နယ် သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှာ သြဂုတ် ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်လောက်က လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်သဖြင့် နေအိမ်တွေ ပြိုကျပျက်စီးခဲ့ပါတယ်။ “လေဆင်နှာမောင်းက ညကဝင်သွားတာ။ ဓနိမိုးထရံကာအိမ်တွေ ပြိုကျတယ်။ စာသင်ကျောင်းတွေ၊ ဂိုထောင်တွေနဲ့ အချို့အိမ်တွေက အမိုးလန်တာတွေဖြစ်တယ်။ လူတွေ၊ တိရစ္ဆာန်တွေတော့ ထိခိုက်မှုမရှိဘူး။ ဖြစ်သွားတဲ့နေရာက လူတွေကိုတော့ နီးစပ်ရာ ဆွေမျိုးတွေဆီကို ပြောင်းရွှေ့ပေးထားပါတယ်” လို့ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မရမ်းကုန်း၊ သရက်တော(အမက) ကျောင်းဆောင် သွပ်တွေ လန်တာ၊ ဓနိမိုး၊ ထရံကာ နေအိမ် ၅ လုံး ပြိုကျပျက်စီးပြီး နေအိမ် ၆ လုံးနဲ့ ဂိုထောင် ၁ လုံးတို့မှာ သွပ်အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လေတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၁ အိမ်၊ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၇ ဦးအား နီးစပ်ရာဆွေမျိုးများထံ ပို့ဆောင်နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတာတွေကို ရှင်းလင်းဖို့နဲ့ လေဘေးသင့်ပြည်သူမျာအား ထောက်ပံကူညီရန် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေတယ်လို့ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago
Up