ငြိမ်းစုစီဥပဒေ

January 5, 2019

၂၀၁၈ ခုနှစ်အတွင်း ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရသူ ၁၂၄ ဦး ရှိ

အန်အယ်လ်ဒီ အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရသူပေါင်း ၁၂၄ ဦး ရှိခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ တရားစွဲခဲ့တဲ့ အမှုတွေထဲမှာ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲခံရသူ ၁၂၄ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (ခ) နဲ့ တရားစွဲဆိုမှု ၄၁ မှု၊ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုမှု ၃၆ မှု နဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံရတဲ့အမှုကတော့ ၅၃ မှုအထိ ရှိပြီး အများဆုံးဖြစ်ပါတယ်။ ဆက်သွယ်ရေဥပဒေနဲ့ တရားစွဲဆိုတဲ့အမှုတွေထဲမှာ နိုင်ငံရေးဝေဖန်ရေးသားမှုကြောင့် တရားစွဲဆိုရမှုကတော့ အများဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုမှုကတော့ ၉ မှုရှိပြီး သတင်းသမား ၁၂ နှစ်ဦး တရားစွဲခံရပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။ ရန်နိုင်ဇော်ဝင်း
3 years Ago

March 20, 2018

ငြိမ်းစုစီဥပဒေ ပြင်ဆင်ရာတွင် လူ့အခွင့်အရေး ကြေညာစာတမ်းကို အလေးထားရန် ကော်မရှင် တိုက်တွန်း

ငြိမ်းစုစီဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးကြရာမှာ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ပြဋ္ဌာန်းချက်တွေကို အလေးထား စဉ်းစားကြဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီဥပဒေကြမ်းဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘဲ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ထိပါးစေတယ်ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းအကြား အပြင်းအထန် ကန့်ကွက်လှုပ်ရှားတာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းဟာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိတယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်မှာလည်း (ICCPR) မှာလည်း လူတိုင်းမှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို အနှောင့်အယှက် ကင်းကင်း စွဲကိုင်ခွင့် ရှိကြောင်းလည်း ဆိုပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ရာမှာ တခြားသူတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့၊ နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ ကိုယ်ကျင့်တရားတွေကို အကာအကွယ် ပေးဖို့လိုရင်၊ ဥပဒေပြဋ္ဌာန်းချက်အရနဲ့ လိုအပ်ချက်အရ ကန့်သတ်တာတွေ ပြုလုပ်လို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ခွဲခြားဆက်ဆံတာ၊ ရန်လိုတာနဲ့ အကြမ်းဖက်တာ ဖြစ်စေမယ့် အမျိုးသားရေး၊ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေး မုန်းတီးမှုဆိုင်ရာ ဘယ်ဟောပြော လှုံ့ဆော်တာကိုမဆို ဥပဒေအရ တားမြစ်ရမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က “အဓိက ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မထိခိုက်စေချင်ဘူး။ ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစားလုပ်ဖို့ ပြောချင်တာပါ။ လိုအပ်လို့ ဆန္ဒပြမယ့်သူတယောက်၊ သူ့မှာ ငွေအင်အား မရှိလို့ ထောက်ပံ့ရင်တောင်မှ ဖမ်းခံရမယ့် အခြေအနေ မဖြစ်သင့်ဘူးလေ” လို့ ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်း ကိုယ့်ရဲ့ အခွင့်ရေးတွေကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို လေးစားဖို့ လိုတယ်လို့ ပြဋ္ဌာန်းထားတာပါ။ ငြိမ်းချမ်းစွာစုဝေးတာနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ၂၀၁၈ မတ်လ ၇ ရက်က အမျိုးသားလွှတ်တော်မှာ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေတာပါ။
4 years Ago

ငြိမ်းစုစီဥပဒေပြင်ဆင်ချက် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကန့်ကွက်စာပေးပို့

ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော်ရှိ အန်အယ်လ်ဒီနဲ့ ယူအန်အေအမတ် ၂၇၄ ဦးဆီကို စာပေးပို့ထားပါတယ်။ အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြုလိုက်တဲ့အပေါ် အရပ်ဘက်အဖွဲ့တွေရဲ့ သဘောထားကို မတ်လ တတိယပတ်က ပေးပို့ထားတာပါ။ ငြိမ်းစုစီ ပြင်ဆင်ချက် ဖျက်သိမ်းရေး ဦးဆောင်ကော်မတီဝင် ဦးနန္ဒာစစ်အောင်က “အဖွဲ့ ၄၀ လောက်ပါပါတယ်။ တခြားအဖွဲ့တွေလည်းထပ်ပါဖို့ ရှိပါတယ်။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ လာမဆွေးနွေးခင် ကျနော်တို့ ကန့်ကွက်ရတဲ့ အကြောင်းရင်းကို သိရအောင် ပို့တာပါ” လို့ မတ်လ ၁၉ ရက် လှိုင်သာယာမြို့နယ်မှာ သတင်းစာရှင်းလင်းပြောပါတယ်။ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်ရဲ့ ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။ “ဥပဒေကြမ်းက ဖွဲ့စည်းပုံနဲ့လည်း မကိုက်ညီဘူး။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြန်သုံးသပ်ဖို့ လိုတယ်။ ခုံရုံးက ပြန်သုံးသပ်ဖို့က ကျနော်တို့ လုပ်လို့ မရဘူး။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ ၁၀ ရာခိုင်နှုန်းကမှ တင်လို့ရတယ်။ အဲဒီအတွက် လက်ရှိ ကိုယ်စားလှယ်တွေအနေနဲ့ ဒါကိုလုပ်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။ မကြာမီ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတော့မယ့် ငြိမ်းစုစီ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးဖို့ တပ်မတော်သားကိုယ်စားလှယ် ၆၀ အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈၀ က စာရင်းပေးထားတယ်လို့ သိရပါတယ်။
4 years Ago
More News
Up