ငြိမ်းချမ်းရေး မရမချင်းတော့ လက်နက်ကိုင်အဖွဲ့တွေ ထပ်များလာဦးမှာပဲ - ကလလတ ဗိုလ်မှူးမန်းသက်ဖော

September 6, 2017

ငြိမ်းချမ်းရေး မရမချင်းတော့ လက်နက်ကိုင်အဖွဲ့တွေ ထပ်များလာဦးမှာပဲ - ကလလတ ဗိုလ်မှူးမန်းသက်ဖော

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့ဟာဆိုရင် လွန်ခဲ့တဲ့ ၁၉၇၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကာ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ကယားပြည်နယ်မှာ နှစ်ပေါင်း ၄၀ နီးပါး အခြေချလှုပ်ရှားနေတဲ့ ကလလတအဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်ချက်၊ ငြိမ်းချမ်းရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် အမြင်သဘောထားတွေနဲ့ ပတ်သက်လို့ ကလလတရဲ့ တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူး မန်းသက်ဖောကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကလလတအဖွဲ့အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တဖွဲ့ ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေပါလဲခင်ဗျား။ ဖြေ - ဒါကတော့ ဗမာပြည်ရဲ့ လက်နက်ကိုင်တိုက်ပွဲ ဖြစ်စဉ်အတွင်းကနေ ဖြစ်လာတာပါ။ ကရင်နီပြည်ရဲ့ အမျိုးသားလက်နက်ကိုင်တိုက်ပွဲ ဖြစ်စဉ်အတွင်းမှာ ကလလတက ဖြစ်ပေါ်လာပါတယ်။ ကလလတ မပေါ်သေးတဲ့အချိန်မှာ ကေအန်ပီပီက ပေါ်လာတယ်။ မိခင် ကေအန်ပီပီ အဖွဲ့ကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ မေး - လက်ရှိ ကလလတ ရဲဘော်တွေထဲက တချို့က နယ်ခြားစောင့်တပ်ဖြစ်သွားတယ်၊ တချို့က မိခင်ဌာနမှာပဲ ဆက်လက်ပြီး ရဲဘော်တာဝန် ထမ်းဆောင်တာတွေ ရှိတာပေါ့။ အဲဒါက နှစ်ခြမ်းကွဲနေတဲ့ သဘောလား။ ရှင်းပြပေးပါလား။ ဖြေ - တကယ့် အနှစ်သာရကတော့ အတူတူပဲ ဘာဖြစ်လဲဆိုတော့ ကလလတရဲ့ နယ်ခြားစောင့်တပ်ဆိုတာက တကယ်တော့ နဂိုကတည်းက ကတိခံထားတာရှိတယ်။ ဒီမှာပဲနေရမယ်၊ တခြားပြည်နယ်တွေမှာ မထွက်ရဘူး။ တကယ်တော့ တခြားပြည်နယ်ကို ထွက်လို့ရှိရင် အလုပ်မခိုင်းတော့ဘူး အဲ့လိုသဘောရှိတယ်။ ဒါပေမယ့် အဖွဲ့အစည်းထဲမှာပဲဆိုရင်တော့ အတူတူပဲ ပြောလို့ရပါတယ်။ မေး - လုပ်ငန်းက မပြောင်းလဲဘူး၊ ပုံသဏ္ဍာန်ပဲ ပြောင်းလဲတယ်ဆိုတဲ့ သဘောလား။ ဖြေ - ပုံသဏ္ဌာန်က အပေါ်ရံတော့ ပြောင်းလဲတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်နဲ့ပေါင်းပြီးလုပ်ရတဲ့ တပ်ဖြစ်တာကိုး။ ဒါပေမယ့် တပြည်နယ်တည်းမှာပဲ ရှိရမယ်ဆိုတာကော့ အဓိကကျတဲ့ ကိစ္စပါ။ မေး - ကလလတ အနေနဲ့ အပစ်ရပ်ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းခဲ့တဲ့နောက် တပ်မတော်က ကလလတဥက္ကဋ္ဌ ဦးထွန်းကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့တာ ဘာကြောင့်လဲ။ ဖြေ - အကြောင်းရင်း အတိအကျတော့ ရှိမှာပေါ့နော်။ ဒါပေမယ့်လို့ တကယ်တော့ ဒီဥစ္စာက သိပ်မဆန်းပါဘူး။ ဘာဖြစ်လဲဆိုတော့ အတွေးအခေါ် စဉ်းစားမှုတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်တဲ့ ကိစ္စတွေပါ။ တချို့က မြှူဆွယ်မှုတွေကို မခံနိုင်တာပေါ့။ မခံနိုင်တဲ့အခါမှာ ဖြစ်ပွားတာပါ။ အလိုအလျောက်တော့ မဖြစ်ပါဘူး။ အဖွဲ့အစည်းမှာ အရေးကြီးဆုံးပုဂ္ဂိုလ်က အဲ့လိုဖြစ်သွားတဲ့ အခါမှာ အဖွဲ့အစည်းကို ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းအတွက် သိပ်ပြီး မထိခိုက်နိုင်ပါဘူး။ ဒါကတော့ အဖွဲ့အစည်းနဲ့ရော တပ်နဲ့ရော အခုအစိုးရနဲ့ရော တစုံတရာ သင့်မြတ်ဖို့လိုအပ်တဲ့အပေါ်မှာ လုပ်သွားတာပေါ့။ မေး - ဟုတ်ကဲ့ အခုလိုပေးလိုက်တဲ့အပေါ်မှာ အဖွဲ့အစည်းအနေနဲ့ တာဝန်ပိုကြီးတယ်လို့ မခံယူဘူးလား။ [caption id="attachment_227574" align="alignleft" width="441"]ဓာတ်ပုံ - KNPLF ဓာတ်ပုံ - KNPLF[/caption] ဖြေ - အဖွဲ့အစည်းအတွက် တာဝန်ပိုကြီးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်က အဝေးကြီးပဲ ရှိသေးတာကိုး။ ဆက်သွားဖို့အတွက် တာဝန်ကြီးတာပေါ့။ မေး - လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် လိုအပ်ချက်က ဘာဖြစ်မလဲ၊ ဗိုလ်မှူးရဲ့ အမြင်သဘောထားကို သိပါရစေခင်ဗျာ။ ဖြေ - ငြိမ်းချမ်းရေးကတော့ ပြည်သူတွေ အပြည့်အဝပဲ လိုလားပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို နည်းလမ်းကျအောင် မလုပ်နိုင်သေးတာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်မယ်ဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရမယ်။ အပစ်မရပ်စဲနိုင်သရွေ့ကတော့ ငြိမ်းချမ်းရေးမဖြစ်လာနိုင်ဘူး။ အခု အစိုးရဘက်က လက်နက်ကိုင်တာ၊ ပြီးတော့ ဒီကလူမျိုးစုတွေဘက်က လက်နက်ကိုင်တွေ တိုက်လာခဲ့တာ နှစ်ပေါင်း ၇၀ ဆိုတော့ ဒါကတော့ တော်တော်ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိထားကြတယ်။ အဲ့တော့ နည်းလမ်းကျအောင် မလုပ်နိုင်လို့ရှိရင် တကြောင်းပေါ့နော၊ နောက်တကြောင်းက စိတ်ရှည်လက်ရှည် မရှိရင်တော့ ဒီငြိမ်းချမ်းရေးဟာ ပိုပြီးတော့ ကြာနိုင်ပါတယ်။ ကျနော်တို့ အမြင်ကတော့ အပစ်ခတ်ကို ရပ်စဲထားရမယ်။ အပစ်ရပ်ပြီးရင် တပ်တွေရဲ့ နေရာယူမှုကို ရှင်းလင်းရမယ်။ ဒီနေ့က အန်စီအေ ငြိမ်းချမ်းရေးသာ လုပ်ကြတယ်။ ငြိမ်းချမ်းရေးသာလုပ်နေတာ ပစ်ခတ်နေတဲ့ နေရာတွေလည်း ရှိနေတယ်။ ပိုပြီးတော့လည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာကြတာတွေ ဖြစ်တယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒီငြိမ်းချမ်းရေးဟာ နည်းနည်းတော့ ဖြတ်သန်းရဦးမှာပါ။ မေး - ကယားပြည်နယ်က ကိုယ့်လူမျိုးတွေ နိမ့်ကျနေသေးတယ်ဆိုတာ လက်ခံလား၊ လက်ခံတယ်ဆိုရင် ဘာတွေ ရှေ့ဆက် ဆောင်ရွက်ဖို့လိုလဲ။ ဖြေ - ဒီမှာရှိတဲ့လူမျိုး ပြည်သူတွေ မကပါဘူး၊ တနိုင်ငံလုံးက နိမ့်ကျနေတာပါ။ ကျနော်တို့ပြည်နယ်ကတော့ တောင်သူလယ်သမားတွေများတယ်။ တကယ်တော့ ပြည်ထောင်စု တခုလုံးဟာလည်း တောင်သူလယ်သမားက အများစုပါပဲ။ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွား တောင်သူလယ်သမားတွေရဲ့ ရပ်တည်ချက် ဖွံ့ဖြိုးရေးအတွက် ကြိုးစားလုပ်ပေးကြမယ်ဆိုလို့ရှိရင် တခုလုံးက ဒီ ၂၁ ရာစုမှာ နည်းစနစ်ကျတဲ့ စိုက်ပျိုးမွေးမြူရေးတွေ အခြေခံပြီးတော့ ဆောင်ရွက်ပေးသင့်တာပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေး မရဘူးဆိုရင်တော့ ဖွံ့ဖြိုးရေးအတွက်က တော်တော်ဝေးဝေး သွားရဦးမှာပေါ့။ မေး - လက်ရှိအခြေနေမှာ ကယားပြည်နယ်အတွက် အရေးကြီးဆုံး လိုအပ်ချက်က ဘာလဲ။ ဖြေ - အရေးကြီးဆုံး လိုအပ်ချက်ကတော့ ညီညွတ်ရေးပဲ၊ ငြိမ်းချမ်းရေးတို့ အပစ်ခတ်ရပ်စဲရေးတို့ ဒီမှာက ပူးတွဲကော်မတီတခုရှိတယ်။ ကေအန်ယူဂျေစီဆိုတဲ့ ပူးတွဲကော်မတီထဲမှာလည်း ပေါ်လစီတွေရှိတယ်။ ပေါ်လစီအထဲမှာတော့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးရော နောက် ရှိနေတဲ့ ပါတီတွေနဲ့ ညီညွတ်မှုရော အမျိုးသမီးတွေရော လူငယ်တွေရော အကောင်အထည်ဖော်ဖို့ လုပ်နေတာဖြစ်တယ်။ ညီညွတ်ရေးအတွက် သဘောထားတွေ ရှိထားတယ်။ အခုတော့ ၆ ဖွဲ့ရနေပြီ၊ ကေအန်ပီပီ မရောက်လာသေးဘူး။ ဒါ့အပြင် ဘာသာရေးအဖွဲ့အစည်းတွေနဲ့လည်း ပူးတွဲကော်မတီ လုပ်ဖို့ရှိပါတယ်။ မေး - လက်ရှိ လူမှုရေးနဲ့ စီးပွားရေးအရ ကလလတ အနေနဲ့ ကိုယ့်ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတွေလုပ်ပြီးပြီလဲ၊ နောက်ထပ် ဘာတွေလုပ်ဖို့ရှိလဲ။ ဖြေ - လုပ်စရာတွေ အများကြီးရှိတယ်။ လုပ်ပေးပြီးတဲ့ဟာတွေကတော့ အရင်ကတော့ ကျနော်တို့ အများကြီးလုပ်နိုင်တယ်။ ပညာရေး၊ ကျန်းမာရေးတို့ ဆက်လက်ပြီးတော့ လုပ်နေတာပါပဲ။ လက်ရှိအစိုးရအသစ်နဲ့လည်းဖြစ်ဖြစ် စစ်တပ်နဲ့လည်းဖြစ်ဖြစ် ရရှိတဲ့ အခြေအနေအောက်မှာ လုပ်သွားတာရှိတယ်။ ဒါပေမယ့်လို့ မလုံလောက်ဘူးပေါ့။ ဒီအခြေအနေတခုလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အဖွဲ့က စုစည်းနိုင်သလောက် စုစည်းတယ်၊ လုပ်နိုင်သလောက် လုပ်တယ်။ ပညာရေး မူးယစ်ဆေးဝါးတွေလုပ်တယ်။ မူးယစ်ဆေးဝါး ပပျောက်ပြီလို့ ပြောလို့ရတဲ့နေရာတွေ ရှိတယ်။ မေး - အရင်က ကလလတနဲ့ အခု ကလလတမှာ ခေတ်ကာလအရ ဘာတွေ ပြောင်းလဲခဲ့ပြီလဲ၊ ဆိုလိုတာက ပညာရေး၊ နိုင်ငံရေး ကိစ္စတွေပေါ့။ ဖြေ - ပြောင်းလဲပါတယ်။ အရင်က လက်နက်ကိုင်ဖြစ်စဉ်နဲ့ ဖြတ်သန်းရတာပေါ့။ အခုတော့ နိုင်ငံရေးတိုက်ပွဲဖြစ်စဉ်မှာ ဖြတ်သန်းရတယ်။ တကယ့်တိုက်ပွဲဖြစ်စဉ်အတွင်းမှာ အရင်းအနှီးတွေ အများကြီးပေးရပါတယ်။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်ပန်းတိုင် မရောက်သေးတဲ့အခါမှာ ဆက်ပြီးတော့ သွားနေရတယ်။ အဲ့ဒီအပေါ်မှာ အသစ်တွေ ဖြစ်ပေါ်တိုးပွားတာတွေ ရှိသလို အဟောင်းတွေလည်း ချို့ယွင်းပျောက်ကွယ်သွားတာတွေလည်း ရှိတာပေါ့။ စိန်ခေါ်မှု အမျိုးမျိုးနဲ့တော့ ဆက်လက်ပြီး သွားရမှာပဲ။ ကျနော်တို့ရဲ့ပန်းတိုင်ကို ရောက်အောင်သွားမှာပါ။ မေး - အရင်းအနှီးအများကြီး ပေးရတယ်ဆိုတဲ့ဟာက ဘယ်လိုအရင်းအနှီးကို ဆိုလိုတာလဲ။ ဖြေ - ဥပမာ ကျနော်တို့ ဒီမှာရှိနေတဲ့ အခြေအနေအောက်မှာ တချို့ စည်းမျဉ်းစည်းကမ်း လိုက်နာနိုင်တာတွေ ရှိတာပေါ့။ အထူးသဖြင့် မူးယစ်ဆေးဝါး၊ မူးယစ်သောက်စားရေး၊ လောင်းကစားရေး၊ အပျော်အပါးလိုက်စားရေး အဲ့ထဲမှာ ပါသွားတာတွေ များတယ်။ နောက်တခုက စီးပွားရေး ကိုယ်ကျိုးစီးပွားပေါ့။ ကိုယ်ကျိုးကိုကြည့်ပြီး အဖွဲ့ရဲ့ မူ ပေါ်လစီတွေကို မလိုက်နာနိုင်တဲ့ ရဲဘောတွေ ကျန်ခဲ့တာပါပဲ။ ဒါပေမယ့် အသစ်လည်း များလာပါတယ်။ မေး - မူဝါဒ ပေါ်လစီတွေကော ပြောင်းလဲဖို့ရှိလား။ ဖြေ - မပြောင်းလဲပါဘူး။ ဒါပေမယ့် ထပ်ပြီးတော့ ဖြည့်စွက်စရာရှိရင်တော့ ဖြည့်စွက်ရမှာပါပဲ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့မူ ပေါ်လစီဟာ ပန်းတိုင်မှ မရောက်သေးပဲကိုး။ ကျနော်တို့က ပြည်သူ့ဒီမိုကရေစီအဖြစ် ဖြတ်သန်းနေတဲ့အခါကျတော့ ပန်းတိုင်မရောက်မချင်းကတော့ ပေါ်လစီမပြောင်းဘူး။ လူကတော့ မလိုက်နိုင်ရင် ကျန်ခဲ့မယ်၊ ဒါပဲရှိတယ်။ ဖြည့်စွက်စရာရှိရင်လည်း အချိန်နဲ့ကိုက်ညီမယ့် မူ ပေါ်လစီကိုပဲ ဖြည့်စွက်ရမှာဖြစ်တယ်။ မေး - လက်ရှိ ကယားပြည်နယ်က လူကြီးလူငယ်တွေအကြားမှာ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ များပြားလာတဲ့အပေါ်မှာ ဗိုလ်မှူးတို့အနေနဲ့ ဘယ်လိုမြင်လဲ၊ ဒေသအတွင်းမှာ မူးယစ်ဆေးဝါးတွေ လျော့နည်းလာအောင် ဘာတွေလုပ်ဆောင်သင့်လဲ။ ဖြေ - မူးယစ်ဆေးဝါးတိုက်ဖျက်တာကတော့ မခက်ပါဘူး၊ ဒါပေမယ့်ခက်တယ်၊ အဲ့လိုဖြစ်နေတယ်။ ကျနော်တို့ ဒီမှာကတော့ သောက်စားတဲ့သူတွေကို နှိမ်နင်းတာ မခက်ဘူး။ အရောင်းအဝယ်လုပ်တဲ့လူတွေလည်း သိပ်မခက်ပါဘူး။ ထုတ်လုပ်တဲ့နေရာ အရင်းအမြစ်တွေက အမြဲတမ်း စီးဆင်းနေတဲ့ အခါကျတော့ လုပ်ရတာ နည်းနည်းခက်တာပေါ့။ နောက်တခုက အစိုးရလုပ်ရမယ့်အလုပ် ကျနော်တို့က လုပ်နိုင်တဲ့ အတိုင်းအတာ တခုအထိပဲ လုပ်နိုင်တယ်။ တကယ်တော့ အပြည့်အဝလုပ်နိုင်တာက အစိုးရပဲ။ ဒါပေမယ့် အစိုးရလည်း မလုပ်နိုင်ဘူး။ အဓိကက လာဘ်ပေးလာဘ်ယူတာတွေပဲ။ တကယ်တော့ ပေးတဲ့လူတွေလည်း သိက္ခာမရှိပါဘူး။ ယူတဲ့လူလည်း သိက္ခာမရှိဘူး။ ဒါတွေဟာ အစဉ်အလာလို ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတယ်။ လာဘ်ပေးလာဘ်ယူတာတွေ မပပျောက်သေးတော့ မူးယစ်ဆေးဝါးတွေလည်း ဆက်ပြီးတော့ ရှင်သန်နေဦးမှာပဲ။ မေး - ကယားပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ ကယားပြည်နယ် လူထုတွေအတွက် တကယ်လိုအပ်တယ်လို့မြင်လား၊ မလိုအပ်ဘူးဆိုရင် ဘာကြောင့်လဲ။ ဖြေ - လိုအပ်တယ်။ ဘာဖြစ်လဲဆိုတော့ ပြည်တွင်းစစ်မပြီးသေးတော့ လက်နက်ကိုင်အဖွဲ့တွေဟာ ဒါထက် များတောင်များလာနိုင်တယ်။ ငြိမ်းချမ်းရေး မရမချင်းတော့ ဒီလက်နက်ကိုင်အဖွဲ့တွေကတော့ ထပ်များလာဦးမှာပဲ။ ပြီးခဲ့တဲ့ အခြေအနေတွေကို ပြန်ကြည့်လိုက်။ ငြိမ်းချမ်းရေးလို့ပြောတယ်၊ လက်နက်ကိုင်အဖွဲ့တွေ ထပ်များလာတယ်။ အေအေတို့ဆို နောက်မှပေါ်လာတာ။ တီအန်အယ်လ်အေဆိုရင်လည်း ဒီလိုပဲ နောက်မှပေါ်လာတယ်။ တကယ်လို့ ပြည်တွင်းစစ်မရပ်နိုင်ဘူး၊ အပစ်မရပ်နိုင်ဘူးဆိုရင် နောက်ပေါ်လာနိုင်သေးတယ်။ ကျနော်တို့ကတော့ ထားလိုက်တော့၊ လူငယ်တွေ မခံနိုင်ဘူး။ မေး - နောက်ဆုံးအနေနဲ့ ကယားပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်တွဲဖို့ အစီအစဉ်ရှိနိုင်လား။ ဖြစ်နိုင်လား။ ဖြေ - အစီအစဉ်ရှိပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာလည်း ရှိပါတယ်။ ကယားပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ ရည်ရွယ်ချက်က အတူတူပဲ။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတရေး၊ ဒါတွေကို အားလုံးလိုလားနေတယ်။ ပြန်ပြီးတော့ ပူးပေါင်းနိုင်ပါတယ်။ အလားအလာရှိပါတယ်။ မေး - အခုကော ပူးပေါင်းနိုင်မယ့် အစီအစဉ်တွေ၊ လုပ်ငန်းတွေ ဆောင်ရွက်တာတွေရော ရှိနေပြီလား။ ဖြေ - ရှိပါတယ်။ ခုနပြောတဲ့ ကေအန်ယူဂျေစီ ဆိုတာဟာ ပူးပေါင်းမှု ပထမအဆင့်ပဲ။ အဖွဲ့တွေအများကြီးရနေပြီ၊ ကျန်ရစ်ခဲ့တာက ကေအန်ပီပီပဲ။ ကေအန်ပီပီကတော့ သူ့ရဲ့ အန်စီအေကိစ္စ မပြီးသေးဘူး။ အန်စီအေကိစ္စပြီးသွားရင် လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ကျနော်တို့ ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ညီညွတ်မှုယူရမှာပဲ။ သူ့ရည်မှန်းချက် သူ့ပန်းတိုင်နဲ့ ဒီမှာရှိတဲ့ ပြည်သူတွေနဲ့ တထပ်တည်း ဖြစ်ရမှာပေါ့။ ဒါပေမယ့် နားလည်မှု မပြည့်စုံသေးတဲ့ အခါမှာတော့ ပယောဂတွေလည်း အများကြီးဝင်တာပေါ့။ မေး - နောက်ဆုံးအနေနဲ့ ကယားပြည်နယ်အတွင်းက ပြည်သူတွေကို ဘာတိုက်တွန်းချင်လဲ။ ဖြေ - ပြည်သူတွေက ကိုယ့်ဘဝ ကိုယ်သိဖို့ လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းစစ်ဖြစ်တာ နှစ်ပေါင်း ၇၀ ရှိသွားပြီ။ ပြည်တွင်းစစ်ကြောင့် မစည်းလုံးနိုင်ဘူး။ အဲ့ဒီအောက်မှာ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးတွေကို ရှေ့တန်းတင်မယ်ဆိုရင် စည်းလုံးညီညွတ်မှု မပေါ်လာနိုင်ပါဘူး။ အဲဒီအစွဲအလမ်းတွေကို စွန့်လွှတ်ရမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ထားတဲ့ ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ပြည်ထောင်စုအရေးပါ စဉ်းစားရမယ်။ ကျနော်တို့ဟာ ပြည်နယ်မိသားစု၊ ပြီးရင် ပြည်ထောင်စုမိသားစု၊ ပြီးရင် ကမ္ဘာ့မိသားစု အဲ့လောက်အထိမြင်ကြဖို့လိုတယ်လို့ ကျနော်အနေနဲ့ တိုက်တွန်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
4 years Ago
Up