ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကိုလံဘီယာသမ္မတ ဆုကြေးငွေအားလုံးကို လှူဒါန်းမည်

February 18, 2019

သမ္မတ ဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်တင်သွင်းခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ မြောက်ကိုရီးယားအရေး ကြိုးပမ်းမှုတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရပါတယ်။ သမ္မတ ထရမ့်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမည်တင်သွင်းပေးခဲ့တာပါ။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ သူ့အစိုးရလက်ထက်မှာ မြောက်ကိုရီးယားနဲ့ စစ်ခင်းချင်ပေမယ့် မိမိလက်ထက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေပြီလို့ သမ္မတထရမ့်က ပြောပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရပေမယ့် ဆုရဖို့ မျှော်လင့်မထားပါဘူးလို့လည်း ထရမ့်က ထပ်လောင်း ပြောခဲ့ပါသေးတယ်။ သမ္မတ ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ၂၀၁၈ ဇွန်လ စင်ကာပူနိုင်ငံမှာ ပထမဆုံး တွေ့ဆုံစဉ်က နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး သဘောတူညီချက် ရယူနိုင်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
4 years Ago

October 10, 2016

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကိုလံဘီယာသမ္မတ ဆုကြေးငွေအားလုံးကို လှူဒါန်းမည်

ကိုလံဘီယာသမ္မတ ဆန်းတို့စ်က သူရရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြေးငွေအားလုံးကို ၅၂ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ အောက်တိုဘာ ၉ ရက်က ကြေညာပါတယ်။ သမ္မတ ဆန်းတို့စ်ဟာ ကိုလံဘီယာကွန်မြူနစ် ဖားစ် (Farc) သူပုန်တွေနဲ့ ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေး သဘောတူညီမှုရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုဘယ်လ်ဆု ချီးမြှင့်ခံရတာပါ။ ဒါပေမယ့် ရက်ပိုင်းအကြာမှာကျင်းပတဲ့ ငြိမ်းချမ်းရေး လူထုဆန္ဒခံယူပွဲမှာ အစိုးရနဲ့ သူပုန်တွေရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ကပ်ပြီး ရှုံးနိမ့်သွားပါတယ်။ ၅၂ နှစ်ကြာ ကိုလံဘီယာပြည်တွင်းစစ်အတွင်း လူ ၂ သိန်း ၆ သောင်းလောက် သေဆုံးခဲ့ကြပြီး ၆ သန်းကျော်ဟာလည်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ကြပါတယ်။ မနေ့ညက မိသားစုနဲ့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုက ရရှိတဲ့ အမေရိကန်ဒေါ်လာ ၉ သိန်း ၂ သောင်းကျော်ကို စစ်ဘေးခံပြည်သူတွေအတွက် လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သမ္မတက ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းက ချိုကိုပြည်နယ်မှာ စစ်ဘေးခံပြည်သူတွေရဲ့ ဘာသာရေးပွဲတော်တခုကို တက်ရောက်ရင်း အခုလို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
6 years Ago
Up