ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICAN) ကို ၂၀၁၇ နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးအပ်ချီးမြှင့်ကြောင်း နော်ဝေနိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ ကြေညာပါတယ်။
နျူကလီးယားလက်နက်တွေ အသုံးပြုမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခ အကျိုးဆက်တွေ ဖြစ်ပွားမှုကို အာရုံစိုက်လာအောင် လုပ်ဆောင်မှုနဲ့ ဒီလိုလက်နက်တွေ အသုံးမပြုအောင် သဘောတူစာချုပ်တွေကို အခြေခံတဲ့ တားဆီးပိတ်ပင်မှုတွေ လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ဆုချီးမြှင့်တာလို့ ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။
ဒီအဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက်ကာ ၂၀၀၇ ခုနှစ်ကတည်းက စတင်လှုပ်ရှားနေတာဖြစ်ပြီး လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်က အဖွဲ့အစည်းပေါင်း ၄၆၈ ဖွဲ့နဲ့ မိတ်ဘက်လုပ် ပူးတွဲဆောင်ရွက်နေပါတယ်။
အခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လူပုဂ္ဂိုလ် ၂၁၅ ဦးနဲ့ အဖွဲ့အစည်း ၁၀၄ ဖွဲ့ အပါအဝင် အမည်စာရင်း တင်သွင်းသူပေါင်း ၃၁၈ ဦးထဲကနေ ရွေးချယ်ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က နိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းသူပေါင်း ၃၇၆ ဦးနဲ့ တင်သွင်းသူအများဆုံး စံချိန်တင်ခဲ့ပြီး အခုနှစ်ကတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
3 years Ago