ငြိမ်းချမ်းရေးဆွေးနွေးပွဲ

April 12, 2019

တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်လိုဟု အန်အာပီစီပြော

နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင်လိုတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည် ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။ နေပြည်တော်မှာ ဧပြီ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “ရှိရင်းစွဲ အခြေအနေတခုကနေ နောက်ထပ်အပြောင်းအလဲကို ဦးတည် လျှောက်လှမ်းတဲ့အခါ ခုခံမှုတွေ၊ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာစမြဲဖြစ်ပါတယ်။ အပြောင်းအလဲတွေကို ဖန်တီးကြတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ ခုခံမှုလို့ ရှုမြင်ပြီး အစုအဖွဲ့တခုရဲ့ အခက်အခဲကို အားလုံးက ၀ိုင်းဝန်းကူညီဖြေရှင်ပေးနိုင်ဖို့ ကြိုးစားအားထုတ်နိုင်မှပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ချောမွေ့အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံးစတင်လိုပါတယ်။ စတင်နိုင်ဖို့ ရှိနေတဲ့ အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းဖို့ ပူးပေါင်းဖြေရှင်းဖို့  အသင့်ရှိနေတာကို အလေးအနက်ပြောကြားလိုပါတယ်” ကေအန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) အနေနဲ့ ငြိမ်းချမ်းရေးကို အန်စီအေ လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ သံန္နိဌာန်ချထားပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်နေတယ်လို့ မနေ့က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ ကေအန်ယူတို့ ဧပြီလကုန်ပိုင်းမှာ နောက်တကြိမ်တရားဝင်ဆွေးနွေးကြဦးမယ်လို့ မနေ့ကဆွေးနွေးပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၀ဖွဲ့တို့ရဲ့ တရားဝင်ဆွေးနွေးပွဲတွေ ရပ်တန့်နေတာ ၆လကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ- NRPC
3 years Ago

November 14, 2018

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်ဆိုင်းသည့်ကိစ္စ ငြိမ်းချမ်းရေးကော်မရှင် ချင်းမိုင်သွားရောက်ဆွေးနွေးမည်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှုကို ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လာမယ့်ရက်ပိုင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်က သွားရောက်တွေ့ဆုံ ဆွေးနွေးဖို့ရှိနေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ Stakeholder တွေအနေနဲ့ အန်စီအေအပေါ် နားလည်မှု ကွဲလွဲနေတာတွေကို ဖြေရှင်းဖို့ထက် ရှောင်ကွင်းပြီး နားလည်သလို အကောင်အထည်ဖော်နေကြ တယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က တရားဝင်ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်ခြင်းမပြုဘဲ ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒ့ါအပြင် အန်စီအေ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA ကလည်း တပ်မတော်ဘက်က သူတို့ နားလည်ထားတဲ့အတိုင်း  RCSS ကို တဖက်သတ် အပြစ်ပုံချ ဆွေးနွေးနေတာကို တွေ့မြင်ရတဲ့အတွက် နှစ်ဖက် ပြန်လည် တွေ့ဆုံကြဖို့ တောင်းဆိုထားပြီး တွေ့ဆုံဆွေးနွေးမှု ရလဒ်အပေါ် မူတည်ကာ (JMC) အဆင့်ဆင့်အစည်းအဝေး တက်မတက် ဆုံးဖြတ်သွားမယ်လို့   ထုတ်ပြန်ထားပါတယ်။ ဒီလို အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ယာယီရပ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကြာခင်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့  ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ “ဒီတရက်နှစ်ရက်တော့ ကျနော်တို့ ချင်းမိုင်သွားဖို့ အစီအစဉ်တော့ရှိတယ်။ ဒါပေမယ့် ဒီအစီအစဉ်မှာ ဘယ်လိုပါသလဲဆိုတာ ကျနော်က အကြမ်းဖျင်းမသိသေးဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းတွေ့မှာပေါ့ဗျာ။ အဓိကကတော့ သူတို့ လက်နက်ကိုင်နှစ်ဖွဲ့ ကတော့ အဓိက ဆွေးနွေးရမှာပေါ့။ ကျနော်တို့ အစိုးရအနေနဲ့ကတော့  အဓိက နံပတ် ၁ က သေနတ်မပစ်ကြဖို့ ညှိနှိုင်းကြတာကိုဗျ။ ဒီလိုပဲ ကျနော်တို့က တွေ့ဆုံမယ်၊ သူတို့ဘက်က တောင်းဆိုမယ့်၊ အခုလို ကျနော်တို့သွားတွေ့မယ်။ တွေ့ပြီး ညှိနှိုင်းကြမှာပေါ့။ ညှိပြီး ဘယ်လို အကောင်းဆုံးလုပ်မလဲဆိုတာ။ ဒီလိုပဲ ငြိမ်းချမ်းရေးက အဖြေလေးရလာလိုက်၊ တခါပြန်ဝေးလိုက်၊ ပြန်ကြိုးစားလိုက်၊ ပြန်နီးလာလိုက် အဲလိုပါပဲ။” ဒီ နိုဝင်ဘာလကစပြီး အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကေအန်ယူနဲ့ RCSS အဖွဲ့တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အစည်းအဝေးတွေ တက်ရောက်တာကို  ယာယီရပ်ဆိုင်းထားခဲ့တာပါ။ တိုင်းရင်းသားတွေဘက်က အဓိက တင်ပြတဲ့အချက်ကတော့ အစိုးရနဲ့ တပ်မတော်ဘက်က အန်စီအေသဘောတူစာချုပ်မှာ မပါဝင်တဲ့ ခွဲမထွက်ရဆိုတဲ့အချက်နဲ့ တခုတည်းသော တပ်မတော် ကိစ္စရပ်တွေကို ဆွေးနွေးဖို့တင်သွင်းလာပြီး အဲဒီကိစ္စကို လက်ခံမှ ဆက်လက် ဆွေးနွေးသွားမယ့် သဘောဖြစ်နေတဲ့အနေအထားကြောင့် ဆွေးနွေးပွဲ ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
3 years Ago
More News
Up