ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ဘ

September 20, 2017

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးဖိုရမ်တွင် မိခင်များအတွက် ကလေးထိန်း ဝန်ဆောင်မှုပေးထား

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်မှာ တက်ရောက်လာတဲ့ မိခင်တွေအတွက် ကလေးထိန်း ဝန်ဆောင်မှုပေးထားပါတယ်။ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်ခန်းမမှာ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပနေတာဖြစ်ပြီး ဖိုရမ်ကို တက်ရောက်လာတဲ့ ကလေးငယ်ရှိတဲ့ မိခင်အမျိုးသမီးတွေအနေနဲ့  ဖိုရမ်မှာ အားစိုက်ပါဝင် ဆွေးနွေးနိုင်ဖို့အတွက် ကျင်းပရေးကော်မတီက ကလေးထိန်း ဝန်ဆောင်မှုကို ပေးထားတာပါ။ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်  အတွင်းရေးမှူး လွေးပိုးငယ်က “အမျိုးသမီးတွေ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးမှာပဲ ဖြစ်ဖြစ် ပါဝင်ဖို့ဆိုရင်တော့ ပထမဆုံး စဉ်းစားပေးရမှာက အမျိုးသမီးတွေမှာ လိုအပ်နေတဲ့ အချက်တွေပဲ ဖြစ်တယ်။ ဥပမာ ကလေးထိန်းဆိုရင်လည်း ကလေးထိန်း လိုအပ်ချက်ကို ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒါမှ နောက်ဆံမတင်းဘဲ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မယ်” လို့ ပြောပါတယ်။ အမျိုးသမီးတွေအနေနဲ့ အရေအတွက်တင်မက အရည်အချင်းနဲ့ပါ ပါဝင်လာနိုင်ဖို့ အခုလို စီစဉ်ထားတာပါလို့လည်း သူက ဆက်ပြောပါတယ်။ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက “သားသည်မိခင်ရှိတဲ့ ရာခိုင်နှုန်းအလိုက်ပေါ့လေ။ စက်ရုံ အလုပ်ရုံတွေမှာ ကလေးတွေကို ပြုစု စောင့်ရှောက်ပေးရမယ့် ဆရာမတွေ ထားပေးရမယ်။ အာဟာရတွေ ကျွေးပေးရမယ်။ အဲဒီအဆင့်အထိ မျှော်မှန်းပြီးတော့ ကျနော်တို့ အခုလုပ်နေတာ” လို့ ပြောပါတယ်။ အရပ်သားအစိုးရလက်မှာ အမျိုးသမီးများ ကဏ္ဍအလိုက် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးကို တစတစ ဖြည့်ဆည်းလာနိုင်ပေမယ့် ပါဝင်လာတဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ ဝေဖန်မှုတွေဟာ လူမှုအသိုင်းအဝိုင်းမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသမီးတွေဟာ ကဏ္ဍအလိုက် စွမ်းရည်ပြည့်ဝမှုကို ပြသဖို့ လိုအပ်နေသလို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရဌာနတွေကလည်း သားသည်မိခင် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေမှာ အာရုံစိုက် ပါဝင်နိုင်စေဖို့ ကလေးတွေအတွက် သီးသန့် နေရာတွေ စီစဉ်ပေးဖို့ အမျိုးသမီးတွေက မျှော်လင့်နေကြပါတယ်။ သတင်း - မင်းရဲစစ်နိုင်
4 years Ago

September 19, 2017

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ဘားအံမြို့တွင် ကျင်းပ

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နဲ့ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) တို့ ပူးပေါင်းပြီး စက်တင်ဘာ ၁၉ ရက်နေ့ မနက်က  ကရင်ပြည်နယ် ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ကျင်းပနေပါတယ်။ အနာဂတ်မြန်မာပြည်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အမျိုးသမီးတွေရဲ့အင်အားနဲ့ အမျိုးသမီးရေးလှုပ်ရှားမှု ပိုမိုခိုင်မာလာစေဖို့၊ အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ် ရေးဆွဲနိုင်ဖို့အတွက် စည်းရုံးလှုံ့ဆော်ဖို့ ဖိုရမ်ကို ရည်ရွယ်ကျင်းပတာပါ။ ဒါ့အပြင် ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေးအတွက် စက်တင်ဘာ ၂၁ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ တိုက်တွန်းနှိုးဆော်သွားမယ်လိုလည်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပမယ့် ဒီဖိုရမ်မှာ မြန်မာနိုင်ငံတဝန်းက အမျိုးသမီးအဖွဲ့အစည်းတွေ၊  အခြားသော လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရဌာန အသီးသီးတို့အပါအဝင် ကဏ္ဍပေါင်းစုံမှာ တက်ကြွလှုပ်ရှားနေတဲ့ ခေါင်းဆောင်အမျိုး သမီး  စုစုပေါင်း ၃၀၀ ဦးကျော် ပါဝင်တက်ရောက်ကြပါတယ်။ ငြိမ်းချမ်းရေးတွက် အမျိုးသမီးများဖိုရမ်ကို ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ၂၀၁၅ ခုနှစ်က ဖိုရမ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် ယခုပွဲအပါအဝင် ၄ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။ သတင်း - ရဲမင်းခေါင်
4 years Ago
Up