ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ

September 19, 2018

ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ ဦးဆောင်သူ ၃ ဦးကို ဒဏ်ငွေ ၂၀၀၀၀ (သို့) ထောင်ဒဏ် ၁၅ ရက်ချမှတ်

ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံမှာ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကျင်းပလို့ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲခံထားရတဲ့  ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး (ခ) ကိုရဲဝင့်အောင်တို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒဏ်ငွေ ၂၀၀၀၀ သို့မဟုတ် ထောင်ဒဏ် (၁၅) ရက် အမိန့်ချမှတ်လိုက်ပါတယ်။ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး (ခ) ကိုရဲဝင့်အောင်တို့ကတော့ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး ကိုဇေယျာလွင်တော့ သူ့အနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရဆိုပြီး ဒဏ်ငွေမဆောင်ဘဲ ထောင်ဒဏ် (၁၅) ရက်ကို ရွေးချယ်ခဲ့ပါတယ်။ တရားစီရင်ရေးစနစ် ပျက်ယွင်းနေပြီဆိုတာကိုပြချင်လို့ ထောင် ၁၅ ရက်ကို ရွေးချယ်လိုက်တာဖြစ်တယ်လို့ ကိုဇေယျာလွင်က အမိန့်ချအပြီး တရားရုံး အပြင်ဘက်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ “မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောလို့တရားစွဲဆိုပြီး ဒဏ်ငွေ နှစ်သောင်း ဆောင်ခိုင်း လိုက်တာဟာ ပျားရည်နဲ့ ဝမ်းချတာဖြစ်လို့ ထောင်ဒဏ်ကိုရွေးချယ်ခဲ့တာဖြစ်တယ်” ပြည်တွင်းငြိမ်းချမ်းရေးရရှိစေဖို့နဲ့ စစ်ပွဲတွေရပ်တန့်စေဖို့ ရည်ရွယ်ပြီး ကဗျာဆရာတွေ စုပေါင်းကာ မေလ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံထဲမှာ ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့တာပါ။ ကဗျာဆရာတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ စစ်ပွဲအကြောင်းကို ဖော်ကျူးတဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြတာကို ကျောက်တံတားရဲစခန်းမှူးနဲ့  အထွေထွေအုပ်ချုပ်ရေးတို့က ခွင့်ပြုချက် မတင်လို့ဆိုပြီး လာရောက်တားဆီးခဲ့တာဖြစ်ပြီး ဦးဆောင်သူတွေကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။
3 years Ago

May 29, 2018

ငြိမ်းချမ်းရေးကဗျာရွတ်သည့် ကဗျာဆရာများကို ရုံးထုတ်စစ်ဆေး

  ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလပန်းခြံထဲမှာ ငြိမ်းချမ်းရေးကဗျာရွတ်ခဲ့လို့  တရားစွဲခံထားရတဲ့ ကဗျာဆရာတွေကို ကျောက်တံတားမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာမှာ ကဗျာဆရာတွေက ငြိမ်းချမ်းရေး ထပ်မံတောင်းဆိုခဲ့ကြပါတယ်။ ပြည်တွင်းစစ်တွေရပ်တန့်ဖို့အတွက် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုတာကို ကဗျာဆရာတွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာပါ။ ဒီကဗျာရွတ်ပွဲမှာပါဝင်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်၊ ကိုရွှေကြယ်မိုးတို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ ရဲက တရားစွဲဆိုထားတာဖြစ်ပြီး ရုံးထုတ်တဲ့နေ့မှာပဲ ကဗျာဆရာတွေက ကျောက်တံတားမြို့နယ်တရားရုံးရှေ့မှာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုတဲ့ ကမ်ပိန်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ကဗျာဆရာ ရွှေကြယ်မိုးက “ကျနော်တို့က ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကို ပြုလုပ်ခဲ့တာ အခု ကျနော်တို့ကို ရှေ့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးချီတက်လမ်းလျောက်သူတွေနဲ့ တပေါင်းတည်း ထားပြီး တရားစွဲဆိုထားတာကို တွေ့ရပါတယ်။ ကျနော်တို့ ကဗျာဆရာတွေဟာ ဒီပန်းခြံထဲမှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းလိုလို ကဗျာရွတ်ပွဲတွေ လုပ်တတ်ပါတယ်။ ရဲမှူးက ဒီနေ့ရုံးထုတ်မှာ ရှေ့က ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်သူတွေနဲ့ ပူးတွဲထွက်ဆိုသွားတာ တော်တော်လေး လွဲချော်နေပါတယ်။ ဒီပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကဗျာဆရာတွေ ငြိမ်းချမ်းရေး အတွက် ကဗျာရွတ်ဆိုတဲ့ ပွဲဆိုတာကိုပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒီကနေ့ တရားရုံးမှာ ကျောက်တံတားစခန်းမှူးက ခုတရားစွဲခံထားရတဲ့ ကဗျာဆရာတွေဟာ  တာမွေမြို့နယ်မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆန္ဒပြသမားတွေနဲ့ အတူတူပဲဆိုတဲ့ အကြောင်းကို ထွက်ဆိုခဲ့တဲ့အပေါ်မှာလည်း ကဗျာဆရာတွေက ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။ ခုမေလ ဒုတိယပတ်အတွင်းမှာ  ငြိမ်းချမ်းရေးအတွက် ပုံစံမျိုးစုံနဲ့ တောင်းဆိုဆန္ဒပြသူတွေ ကို ဆက်တိုက်ဆိုသလို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုလာတာဟာ  ၁၇ ဦးထိ ရှိနေပြီဖြစ်ပါတယ်။
3 years Ago
More News
Up