ငြိမ်းချမ်းသည့်အာဏာလွှဲပြောင်းရေးဖြစ်အောင် လုပ်ရန် သမ္မတ အိုဘားမား ဆော်သြ

January 12, 2017

ငြိမ်းချမ်းသည့်အာဏာလွှဲပြောင်းရေးဖြစ်အောင် လုပ်ရန် သမ္မတ အိုဘားမား ဆော်သြ

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက ချီကာဂိုမြို့မှာပြုလုပ်တဲ့ နှုတ်ဆက်ပွဲအတွင်း ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးဖြစ်အောင်လုပ်ဖို့ ထောက်ခံသူတွေကို ဆော်သြလိုက်ပါတယ်။ "ခင်ဗျားတို့ကိုယ်တိုင်က အပြောင်းအလဲပဲ" လို့လည်း သူက ထောက်ခံသူတွေကို ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်က သမ္မတ ဖြစ်လာတော့မှာပါ။ "ကျနော်တို့ရဲ့ တိုးတက်မှုတွေ မညီမမျှ ဖြစ်ခဲ့တယ်၊ ဒီမိုကရေစီအလုပ်ဟာ အမြဲခက်ခဲခဲ့ပြီး တခါတရံမှာ သွေးချောင်းစီးခဲ့ပြီးပြီ" လို့ အိုဘားမားက ပြောပါတယ်။ အဲဒီနောက် သူ့ရဲ့ သမ္မတသက်တမ်း ၈ နှစ်အတွင်း စွမ်းဆောင်နိုင်မှုတွေကို သူက ဆက်ပြောပါတယ်။ "အမေရိကန်စီးပွားရေး အကြီးအကျယ် ကျဆင်းမှုကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်။ ကားထုတ်လုပ်ရေးကို ပြန်အားဖြည့်ခဲ့တယ်။ သမိုင်းမှာ အများဆုံး အလုပ်အကိုင် ဖန်တီးနိုင်ခဲ့တယ်။ ကျူးဘားပြည်သူတွေအတွက် အခန်းကဏ္ဍသစ် ဖွင့်နိုင်ခဲ့တယ်။ အီရန်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ပိတ်သိမ်းနိုင်ခဲ့ပြီး အမေရိကန်ပြည်သူ သန်း ၂၀ အတွက် ကျန်းမာရေးအာမခံ ပေးနိုင်ခဲ့တယ်" လို့ အိုဘားမားက ပြောပါတယ်။ သူ့နေရာကိုဆက်ခံမယ့် သမ္မတသစ် ဒေါ်နယ်ထရမ့်ကတော့ အိုဘားမားရဲ့ မူဝါဒ လုပ်ငန်းစဉ်တွေကို ကျန်းမာရေးစနစ်ကနေ ရာသီဥတုပြောင်းလဲမှုအထိ အရေးကိစ္စ အတော်များများကို ပြန်ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ "တိုင်းပြည်အနာဂတ်ဟာ ကျနော်တို့ရဲ့အနာဂတ် ဖြစ်သင့်တယ်။ ဒါပေမယ့် ဒီမိုကရေစီက အလုပ်ဖြစ်မှသာ အလားအလာကို မျှော်မှန်းလို့ ရမယ်" လို့ အိုဘားမားက ပြောပါတယ်။ ဒီမိန့်ခွန်းပြောပွဲကို သမ္မတကတော် မီရှဲလ်အိုဘားမား၊ ဒု-သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီးတို့အပြင် လက်ရှိနဲ့ အရင်က အိမ်ဖြူတော်ဝန်ထမ်းဟောင်းတွေ၊ မဲဆွယ်ရေးလုပ်သားတွေ တက်ရောက်ခဲ့ကြပါတယ်။
5 years Ago
Up