ငြိမ်းချမ်းစွာပြီးဆုံး

December 24, 2016

ကဒါဖီသစ္စာခံများ လက်နက်ချသဖြင့် မာလ်တာလေယာဉ် ပြန်ပေးဆွဲမှု ငြိမ်းချမ်းစွာပြီးဆုံး (ရုပ်သံ)

ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်နက်အတုကိုင်ဆောင်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲသူ ၂ ဦးဟာ ခရီးသည် ၁၀၉ ဦးနဲ့ လေယာဉ်ဝန်ထမ်းတွေကို သယ်ဆောင်လာတဲ့လေယာဉ်ကို မာလ်တာလေဆိပ်မှာ အတင်းအကြပ်ဆင်းသက်ခိုင်းခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်ပေါ်ပါလာတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးပြီး သူတို့တွေက သေဆုံးသွားတဲ့ လစ်ဗျားနိုင်ငံရဲ့ ခေါင်းဆောင် ကဒါဖီကို သစ္စာစောင့်သိတာကြောင့် လက်နက်ချခဲ့တာလို့ ပြောကြောင်း ရိုက်တာရဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့သတင်းမှာ ဖော်ပြထားတာပါ။ ရုပ်မြင်သံကြားထဲမှာ ပြန်ပေးဆွဲသူ အမျိုးသား ၂ ဦး လေယာဉ်ပေါ်ကနေ လက်ထိတ်တွေနဲ့ ဆင်းလာတာကို တွေ့မြင်ရမှာပါ။ မြေထဲပင်လယ် ကျွန်းနိုင်ငံသေးသေးလေးဖြစ်တဲ့ မာလ်တာ ဝန်ကြီးချုပ် ဂျိုးဇက်ပ်မြူစကက်က “လေယာဉ်ပြန်ပေးဆွဲသူတွေဟာ လက်နက်ချလိုက်ပြီး ရှာဖွေမှုခံယူကာ အချုပ်ကို ခေါ်ဆောင်သွားပြီ” လို့ တွီတာမှာ ရေးသားထားပါတယ်။ လေယာဉ်အမှတ် ၃၂၀ ဟာ လစ်ဗျားနိုင်ငံရဲ့ ပြည်တွင်းပြေးဆွဲတဲ့ လေယာဉ်တစီးပါ။ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်မှာ လေယာဉ်ဝန်ထမ်းတွေကို အမျိုးသားတဦးက ဗုံးခွဲမယ် ခြိမ်းခြောက်ခဲ့လို့ လစ်ဗျားကမ်းရိုးတန်းရဲ့ မြောက်ဘက် ၅၀၀ ကီလိုမီတာ (မိုင် ၃၀၀) အကွာရှိ မာလ်တာနိုင်ငံဘက်ကို လမ်းကြောင်းပြောင်းပြီး ပျံသန်းခဲ့တာလို့ သိရပါတယ်။ စစ်ဆေးချက်တွေအရ ပြန်ပေးဆွဲသူ ၂ ဦး ကိုင်ဆောင်ထားတဲ့ ပစ္စတို ၂ လက်နဲ့ ဗုံးဟာ အတုတွေ ဖြစ်ပုံရတယ်လို့ ဝန်ကြီးမြူစကက်က ပြောပါတယ်။ သူရဲ့အမည်ကို မူဆာရှာဟာလို့ ပြောခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲသူ တဦးဟာ ကဒါဖီကို ထောက်ခံတဲ့ Al-Fateh Al-Jadid (သို့မဟုတ်) New Al-Fateh ပါတီရဲ့ ထိပ်သီးခေါင်းဆောင် တဦးဖြစ်ကြောင်း ပြောခဲ့တယ်လို့ ပြန်ပေးဆွဲသူတွေကို တယ်လီဖုန်းနဲ့ မေးမြန်းခဲ့တဲ့ လစ်ဗျားချန်နယ်လ်ရုပ်မြင်သံကြားက ပြောပါတယ်။ ဒီ Al-Fateh ပါတီကို ကဒါဖီ အာဏာသိမ်းခဲ့တဲ့ ၁၉၆၉ ခုနှစ် စက်တင်ဘာလမှာ အမည်ပေးခဲ့တာပါ။ လစ်ဗျားနိုင်ငံရဲ့အာဏာရှင်ဖြစ်ခဲ့တဲ့ ကဒါဖီဟာ ၂၀၁၁ ခုနှစ် ဆန္ဒပြပွဲတွေအတွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီနောက် လေယာဉ်ပြန်ပေးဆွဲသူတွေဟာ “ကျနော်တို့ရဲ့ ပါတီအသစ်ကို ကြော်ငြာ မြှင့်တင်ဖို့အတွက် ဒီလိုလုပ်ရတာလို့” ပြောကြောင်း လစ်ဗျားရုပ်မြင်သံကြားဌာနက သူတို့ရဲ့ တွီတာစာမျက်နှာမှာ ရေးသားထားပါတယ်။ လေယာဉ်ပြန်ပေးဆွဲသူတွေဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး လစ်ဗျားနိုင်ငံရဲ့ တောင်ပိုင်း တီဘူလူမျိုးစုတွေထဲက ဖြစ်တယ်လို့ လေယာဉ်ပေါ်မှ ခရီးသည်တဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
5 years Ago
Up