ငြိမ်းချမ်းကိုကို

August 22, 2018

အာရှအားကစားပြိုင်ပွဲတွင် မြန်မာဝူရှူးကစားသမား ငြိမ်းချမ်းကိုကို ကြေးတံဆိပ်ရ

၂၀၁၈ အာရှအားကစားပြိုင်ပွဲ ဝူရှူး အမျိုးသား ထောက်လုပြိုင်ပွဲ ထိုက်ချိချွမ်+ထိုက်ချိကျန့် ပွဲစဉ်မှာ မြန်မာကိုယ်စားပြု ငြိမ်းချမ်းကိုကိုက စုစုပေါင်း ရမှတ် ၁၉ ဒသမ ၄၀ မှတ်နဲ့ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်အဖြစ် ကြေးတံဆိပ်ကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာက ၂ ဦး ဝင်ပြိုင်တာဖြစ်ပြီး ခန့်မင်းထက်က ၁၈ ဒသမ ၈၂ မှတ်နဲ့ အဆင့် ၁၃ ရခဲ့ပါတယ်။ ငြိမ်းချမ်းကိုကိုဟာ ထိုက်ချိချွမ်ပွဲစဉ်မှာ ၉ ဒသမ ၆၉ မှတ်နဲ့ အဆင့် ၇၊ ထိုက်ချိကျန့်ပွဲစဉ်မှာ ၉ ဒသမ ၇၁ မှတ်နဲ့ အဆင့် ၃၊ နှစ်ကျော့ပေါင်း ရလဒ် ၁၉ ဒသမ ၄၀ မှတ်နဲ့ ကြေးတံဆိပ် ရရှိခဲ့တာပါ။ ရွှေတံဆိပ်ဆုကို တရုတ်က ရခဲ့ပြီး ငွေဆုကိုတော့ ဂျပန်ကစားသမားတဦးက ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝူရှူးပြိုင်ပွဲမှာ မြန်မာကစားသမား အများစု ရလဒ်မကောင်းခဲ့ပေမယ့် အမျိုးသား ထိုက်ချိချွမ်+ထိုက်ချိကျန့် ၂ မျိုးပေါင်းပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တာက မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံး ဆုတံဆိပ် ဖြစ်ပါတယ်။ နောက်ထပ် ကြေးတံဆိပ်တခုကိုတော့ ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲပွဲ ဆီမီးမှာ ထိုင်းကိုရှုံးပြီး တတိယကြေးတံဆိပ် ရယူထားပါတယ်။
3 years Ago
Up