ဂြိုဟ်သားပြန်ပေးဆွဲသွားသည်ဟု ထင်ကြေးထွက်ပေါ်နေသည့် ကျောင်းသားပျောက်ဆုံးမှု စိတ်ဝင်စားမှု မြင့်တက်

April 7, 2017

ဂြိုဟ်သားပြန်ပေးဆွဲသွားသည်ဟု ထင်ကြေးထွက်ပေါ်နေသည့် ကျောင်းသားပျောက်ဆုံးမှု စိတ်ဝင်စားမှု မြင့်တက် (ရုပ်သံ)

ဘရာဇီးနိုင်ငံမှ ကျောင်းသားတဦးဟာ လျှို့ဝှက်စမ်းသပ်မှုတခုကို လုပ်ဆောင်ရင်း နေအိမ်က ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာဟာ ဂြိုဟ်သားတွေက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပြီးနောက် ကမ္ဘာတလွှား စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဘရူနိုဘော့ခ်ျ အမည်ရတဲ့ အဲဒီကျောင်းသားဟာ စိတ်ပညာအထူးပြု ကျောင်းသားတဦးဖြစ်ပြီး ဂြိုဟ်သားခရေဇီတဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ မတ်လ ၂၇ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လျှို့ဝှက်စီမံကိန်းလုပ်ဆောင်ရာ သူ့အခန်းထဲမှာတော့ ပေါင် ၂၀၀၀ တန် ၁၆ ရာစုလက်ရာ ဂြိုဟ်သားရှာသူအမည်ရ ရုပ်တုတခုနဲ့ ဝှက်စာတစောင် ရေးသားချန်ထားပြီး ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့တာပါ။ သူ့အိပ်ခန်းထဲက သဘာဝယုတ္တိနဲ့မညီတဲ့ ထူးခြားဆန်းပြားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ သူ့ကို ဂြိုဟ်သားတွေက ပြန်ပေးဆွဲသွားတာလားဆိုပြီး ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဘော့ခ်ျဟာ သူ့ရဲ့အခန်းထဲက ပရိဘောဂပစ္စည်းတွေကို ဖယ်ပြီး သူနဲ့ ဂြိုဟ်သားတဦး တွဲရိုက်ထားတဲ့ ထူးဆန်းတဲ့ဓာတ်ပုံကို နံရံမှာ ချိတ်ထားခဲ့ကာ အောက်ကြမ်းပြင်နဲ့ နံရံတွေပေါ်မှာလည်း သင်္ကေတနဲ့ ဝှက်စာတွေ ရေးထားခဲ့ပြီး သူ့အခန်းကို ဂြိုဟ်သားကမ္ဘာရဲ့ အထိမ်းအမှတ်နေရာတခုလို ပြောင်းလဲထားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရမှာပါ။ သူရေးခဲ့တဲ့စာတွေထဲမှာ ခရစ်ယာန်သမ္မာကျမ်းစာထဲက စာပိုဒ်တွေနဲ့ လီယိုနာဒို ဒါဗင်ချီ ရေးသားတဲ့ စာပိုဒ်တွေကို ဝှက်စာနဲ့ ပြောင်းရေးထားတဲ့ စာအုပ် ၁၄ အုပ်၊ ပြီးခဲ့တဲ့ သီတင်းပတ်က ပေါင် ၂၀၀၀ နဲ့ဝယ်ထားတဲ့ တွေးခေါ်ပညာရှင် ဂျီယိုဒါနိုဘရူနိုရဲ့ ရုပ်တုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တွေးခေါ်ပညာရှင် ဂျီယိုဒါနိုဘရူနိုဟာ ကမ္ဘာဂြိုလ်ရဲ့ အပြင်ဘက်က သက်ရှိဂြိုဟ်သားတွေ ရှိမှုကို ခန့်မှန်းခဲ့တဲ့ ပထဦးဆုံးသော တွေးခေါ်ပညာရှင်တွေထဲက တဦးဖြစ်ပြီး တချို့လူတွေကလည်း ပျောက်ဆုံးသွားတဲ့ ကျောင်းသားဟာ တွေးခေါ်ပညာရှင်ကြီးရဲ့အလုပ်ကို ပြီးဆုံးအောင် လုပ်နေတာဖြစ်မယ်လို့ ယူဆနေကြတာပါ။ “လူ့ဘောင်လောကကို ကောင်းတဲ့နည်းနဲ့ ပြောင်းလဲနိုင်မယ့် စာအုပ်တွေကို ရေးနေပြီး သူလုပ်နေတဲ့ နောက်ဆုံးလျှို့ဝှက်စီမံကိန်းအတွက် ငွေထည့်ဝင်ကူညီဖို့ ဆက်တိုက် အကူအညီတွေ တောင်းနေခဲ့တယ်” လို့ သူ့ရဲ့အမျိုးတွေက ပြောပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ မိသားစုနေ့လယ်စာ စားပြီးတဲ့နောက် ဘော့ခ်ျက ငွေတပြားမှမယူဘဲ အိမ်ကထွက်သွားတာဖြစ်ပြီး ခုလိုမျိုး တခါမှ ထွက်မသွားဘူးတဲ့အတွက် ဖခင်အနေနဲ့ တုန်လှုပ်မိတယ်လို့ ဘော့ခ်ျရဲ့ဖခင် စီးပွားရေးလုပ်ငန်းရှင် အက်သိုစ်ဘော့ခ်ျက ပြောပါတယ်။ မိသားစုက ဘော့ခ်ျရဲ့သတင်းတချို့ရပေမယ့် ဘာမှ ခိုင်ခိုင်မာမာမရှိလို့ ဘာတွေဖြစ်နေမလဲ မသိနိုင်သလို ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားတယ်လို့ ဆိုပါတယ်။ “သူက တော်ပါတယ်၊ ကျောင်းမှာလည်း တခြားသူတွေနဲ့မတူဘူး၊ စည်းရုံးရေးကောင်းတဲ့ စွမ်းအားနဲ့ ခေါင်းဆောင်တဦးအဖြစ် မွေးလာသူတယောက်ပါ။ ပြီးတော့ သူက ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ကလေးတယောက်ပါ” လို့ မိခင်က ပြောပါတယ်။ ဘရာဇီးနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန (ဒီအိုင်စီ) ကလည်း ဘော့ခ်ျရဲ့ ထူးဆန်းစွာ ပျောက်ဆုံးမှုကို စုံစမ်းရှာဖွေနေတယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up