ဂြိုဟ်သား

May 21, 2019

သွေးပျက်ထိတ်လန့်ဖွယ် မြင်ကွင်းများနှင့် ရှုစားရမည့် ဟောလိဝုဒ်ရုပ်ရှင် - BrightBurn (နမူနာ)

ထူးထူးခြားခြား Superhero Horror Sci-Fi အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ BrightBurn ရုပ်ရှင်ကို လာမယ့် မေလ ၂၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Sony Pictures ကနေ ဖြန့်ချိလိုက်တဲ့ ဒီကားကိုတော့ ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ David Yarovesky က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ ဒီကားထဲမှာတော့ တခြားကမ္ဘာက ရောက်ရှိလာတဲ့ ထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်တဲ့ ကလေးတယောက် အကြောင်း ရှုစားကြရမှာ ဖြစ်ပါတယ်။ Tori နဲ့ Kyle တို့ စုံတွဲဟာ လယ်တောအိမ်လေးတလုံးမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးလိုချင်ကြတဲ့အတွက် အကြိမ်ကြိမ်ကြိုးစားကြပေမယ့် ဘယ်လိုမှ မရဘဲ ဖြစ်နေချိန်မှာ ထူးဆန်းတဲ့ အဖြစ်တခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူတို့အိမ်အနီးကို ပေါက်ကွဲသံကြီးတခုနဲ့ တခြားဂြိုဟ်ကမ္ဘာတခုခုက ဖြစ်ပုံရတဲ့ ကလေးငယ် Brandon ရောက်ရှိလာခဲ့တာပါပဲ။ Brandon ဟာ မိသားစုနဲ့ ဒီလိုပဲ ဖြတ်သန်းနေရင်း တဖြည်းဖြည်း ကြီးပြင်းလာချိန်မှာတော့ သူ့ဆီမှာ ထူးဆန်းတဲ့ အပြုအမူတွေ တွေ့လာရတယ်။ အဲဒီနောက်မှာ မိဘတွေက သူဘယ်လိုလူလဲ ဆိုတာကို သံသယဝင်လာခဲ့ပြီး သူ့ရဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေ၊ အဖြစ်အပျက်တွေနဲ့ ကြုံလာရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Elizabeth Banks၊ David Denman နဲ့ ကလေးသရုပ်ဆောင် Jackson A. Dunn တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၇ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
2 years Ago

March 13, 2019

ဂြိုဟ်သားနှင့် လူသားများအကြား ပဋိပက္ခ ရုပ်ရှင် - Captive State (နမူနာ)

သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Captive State ကို လာမယ့် မတ်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Focus Features က တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Rupert Wyatt က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ လူသားတွေနေထိုင်တဲ့ ကမ္ဘာကို ပြင်ပကမ္ဘာက ဂြိုဟ်သားတွေ အချိန်ဆယ်စုနှစ်နဲ့ချီကြာအောင် သိမ်းပိုက်အုပ်ချုပ်နေခဲ့ကြချိန်ကို အခြေတည်ထားခဲ့တာပါ။ ဒီအချိန်မှာ တချို့ကတော့ ဂြိုဟ်သားတွေနဲ့ ပူးပေါင်းကြပြီး တချို့ကတော့ ခုခံတော်လှန်ကြဖို့ ကြိုးစားလာကြချိန်မှာ ဘာတွေဖြစ်လာမလဲ။ ဒါရိုက်တာ Rupert Wyatt ဟာ ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရခဲ့တဲ့ Rise of the Planet of the Apes ရုပ်ရှင်ကို ရိုက်ကူးပုံဖော်ခဲ့သူဖြစ်တာမို့ ဒီကားထဲမှာလည်း ဘယ်လိုရိုက်ကူးထားမလဲ ဆိုတာတွေကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား John Goodman က ချီကာဂိုက ရဲအရာရှိ Mulligan အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး သရုပ်ဆောင်မင်းသမီး Vera Farmiga၊ ရက်ပ်ပါအဆိုတော် Machine Gun Kelly တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
2 years Ago
More News
Up