ခြိမ်းခြောက်ခံခဲ့ရ

March 11, 2017

နယူးယောက်ရှိ ဂျူးကလေးငယ်များပြတိုက် ဗုံးဖြင့်တိုက်မည်ဟု ခြိမ်းခြောက်ခံခဲ့ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဂျူးကလေးငယ်များ ပြတိုက်ကို ဗုံးနဲ့တိုက်ခိုက်မယ်လို့ အီးမေးလ်ကတဆင့် ခြိမ်းခြောက်ခဲ့အပြီး နာရီပိုင်းအတွင်းမှာ ပြတိုက်ထဲကလူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ မတ်လ ၉ ရက်နေ့က ခြိမ်းခြောက်မှုဟာ အမေရိကန်နဲ့ ကနေဒါ ဂျူးအဖွဲ့အစည်းတွေကို လတ်တလောခြိမ်းခြောက်မှု နောက်ဆုံးဖြစ်ရပ်ပါ။ ဒီပြတိုက်ဟာ ဂျူးသမိုင်းနဲ့ အမွေအနှစ်ဆိုင်ရာ မီဒီယာဌာနလည်း ဖြစ်ပါတယ်။ ရဲတွေက ၆ ထပ် အဆောက်အဦကို ရှာဖွေအပြီး ဖောက်ခွဲရေးပစ္စည်းတွေ မတွေ့ဘူးလို့ ပြောခဲ့တဲ့အတွက် နေ့ခင်းပိုင်းမှာ ပြတိုက်ကို ပြန်ဖွင့်ခဲ့ပါတယ်။ ပြတိုက်ထဲကလူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနေချိန်မှာ အဲဒီပြတိုက်အနီး နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက သီးခြား သတင်းစာရှင်းလင်းပွဲ လုပ်နေတာပါ။ ဂျူးအဖွဲ့အစည်းတွေအပေါ် ခြိမ်းခြောက်နေတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ်အဆင့် အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းနေတယ်လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ခြိမ်းခြောက်စာက အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက ထုတ်ပြန်ဖို့ ငြင်းပါတယ်။ အုပ်စုတစုက လူတွေက အဆောက်အဦထဲမှာ ပိုက်နဲ့လုပ်ထားတဲ့ ဗုံး ၃ ခုကို မြှုပ်ထားခဲ့တယ်လို့ အီးမေးလ်ပေးပို့သူက ရေးထားတယ်လို့ သူတို့ရထားတဲ့ အီးမေးလ်မိတ္တူကို ကိုးကားပြီး နယူးယောက် ဒေးလီး သတင်းဌာနက အစီရင်ခံပါတယ်။ နောက်မှ စိတ်ပြောင်းပြီး ဆုံးဖြတ်ချက်အမှား လုပ်မိလို့ နက်နက်ရှိုင်းရှိုင်း နောင်တရတယ်၊ ဒါကြောင့် အကြောင်းကြားတာလို့လည်း အီးမေးလ်ပို့သူက ရေးထားတယ်လို့ ဆိုပါတယ်။ ဒီသီတင်းပတ်ထဲမှာ အမေရိကန်နိုင်ငံတွင်း နယူးယောက် ဝစ္စကိုဆင်၊ အီလီနွိုက်နဲ့ ဖလော်ရီဒါတို့ အပါအဝင် အမေရိကန် ပြည်နယ်အတော်များများက ဂျူးလူ့အဖွဲ့အစည်း ဌာနတွေဆီကို ဖုန်းနဲ့တမျိုး အီးမေလ်နဲ့တသွယ် ဗုံးခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုနဲ့ အွန်တေရီအိုတို့က ဂျူးဌာနတွေလည်း ခြိမ်းခြောက်ခံရတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု အာဏာပိုင်တွေက ဂျူးအဖွဲ့အစည်းတွေကို ခြိမ်းခြောက်မှု မြင့်လာတဲ့အပေါ် စုံစမ်းစစ်ဆေးနေပါတယ်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ဒါဇင်နဲ့ချီတဲ့ ပြည်နယ်တွေမှာ ဂျူးလူ့အဖွဲ့အစည်း ဌာနတွေကို ပစ်မှတ်ထားပြီး ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အကြိမ်ပေါင်း တရာကျော်ခဲ့ပါတယ်။
5 years Ago
Up