ၾသေၾတးလ်

March 20, 2015

လက်ဝှေ့ထိုးသတ်မှု ပိတ်ပင်ရန် သြစတြေးလျ ဆေးပညာရှင်များ တောင်းဆို

သြစတြေးလျ ဆေးဘက်ပညာရှင်တွေက နိုင်ငံတွင်း လက်ဝှေ့ထိုးသတ်မှုကို ပိတ်ပင် တားမြစ်ဖို့ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က တောင်းဆိုလိုက်ကြပါတယ်။ အသက် ၂၃ နှစ်အရွယ် သြစတြေးလျ လက်ဝှေ့သမား ဘရေဒွန် စမစ်သ်ဟာ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က လက်ဝှေ့ပွဲအပြီး လဲကျခဲ့လို့ ဘရစ်စဘိန်းဆေးရုံကို တင်ပို့ခဲ့ရာက သတိပြန်လည် မလာတော့ဘဲ မတ် ၁၆ ရက်နေ့က သေဆုံးခဲ့ပါတယ်။ မတ် ၁၄ ရက်နေ့က  WBC ဖယ်သာဝိတ်တန်း လက်ဝှေ့ပွဲမှာ ပြိုင်ဘက် ဖိလစ်ပိုင်လက်ဝှေ့သမားကို ရှုံးနိမ့်အပြီး ဂုဏ်ပြုစကားပြောခဲ့တဲ့ ဘရေဒွန် စမစ်သ်ဟာ အဝတ်လဲခန်းကို အပြန် လဲကျခဲ့တာပါ။ အဲဒီအချိန်ကစပြီး သေဆုံးချိန်ထိ သတိပြန်မရခဲ့ပါဘူး။ လက်ဝှေ့မထိုးခင်နဲ့ ထိုးအပြီးမှာ လက်ဝှေ့သမားတွေကို ဆရာဝန်တွေက စစ်ဆေးပါတယ်လို့ သြစတြေးလျ အမျိုးသား လက်ဝှေ့အသင်းချုပ်က ဂျွန် ဟော့ဂ်ျက ပြောပါတယ်။ သြစတြေးလျ ဆေးပညာအဖွဲ့ ကွင်းစလန် ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ ရစ်ချာ့ဒ် ကစ်ဒ်ကတော့ “ဆိုးရွားတဲ့ ဖြစ်ရပ်ပဲ။ တကယ့်ကို ရက်စက် ဆိုးရွားတဲ့ အားကစားက ဘာလဲဆိုတာ လူတွေ တွေးသင့် ရပ်သင့်တဲ့ အချိန်ပဲ” လို့ ပြောပါတယ်။ ဘရေဒွန် စမစ်သ်ရဲ့ မိသားစုကတော့ စမစ်သ်ဟာ လက်ဝှေ့အားကစားဆိုတာ လူတွေ ကြောက်သလောက် အန္တရာယ်မကြီးဘူးဆိုတာ ပြချင်နေခဲ့လို့ လက်ဝှေ့ထိုးတဲ့ ဥပဒေ ကျောင်းသားဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ၁၂ ပွဲတိတိ ရှုံးပွဲမရှိ အနိုင်ထိုးသတ်ခဲ့ပြီး ပထမဆုံးရှုံးပွဲအပြီးမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
7 years Ago
Up