ၾသစေၾတးလ် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့် စစ်ဆေး

August 1, 2017

သြစတြေးလျ လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့် စစ်ဆေး

လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲဖို့ ကြံစည်နေသူတွေကို ဖမ်းဆီးမိခဲ့တာကြောင့် သြစတြေးလျ လေဆိပ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး စစ်ဆေးလျက်ရှိနေပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွလို့ ယူဆရသူတွေက လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲမယ့် အစီအစဉ်ကို ရဲက တားလိုက်နိုင်ပြီးတဲ့နောက် သြစတြေးလျအစိုးရက လေဆိပ်တွေမှာ စစ်ဆေးရေးတွေကို အကန့်အသတ်မရှိ ပိုပြီး တင်းကျပ်ထားတယ်လို့ ဇူလိုင် ၃၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နဲ့ ၃၀ ရက်တွေက ဆစ်ဒနီမြို့ရဲ့ ဆင်ခြေဖုံးတွေကို ရှာဖွေစီးနင်းမှုတွေ ပြုလုပ်ပြီးနောက်မှာ အမျိုးသား ၄ ဦးကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသား ၄ ဦးကို ပြစ်မှုတပ်ထားခြင်းမရှိဘဲ အကြမ်းဖက်မှုဆိုင်ရာ အထူးအာဏာနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာပါ။ မီဒီယာတွေမှာ ဖော်ပြနေကြတဲ့ လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲဖို့နဲ့ အဆိပ်ငွေ့လွှတ်ဖို့ စီစဉ်နေကြတာပါ ဆိုတာကိုတော့ ရဲက အတည်မပြုခဲ့ပါဘူး။ ဆစ်ဒနီ အပါအဝင် သြစတြေးလျ မြို့ကြီးတွေက လေဆိပ်တွေမှာ ဇူလိုင် ၃၁ ရက် မနက် ခရီးအသွားအလာများတဲ့အချိန် ခရီးသည်တွေဟာ ပုံမှန်ထက်ပိုပြီး အချိန်ကြာကြာ တန်းစီနေကြရပါတယ်။ သြစတြေးလျရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ခုလိုရှာဖွေတွေ့ရှိတာဟာ လေဆိပ်တွေမှာ အရင်ကထက် လုံခြုံရေးကို ပိုပြီး ရေရှည်တင်းကျပ်သွားဖို့ လိုတဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။ အရင်က သြစတြေးလျ လေဆိပ်တွေမှာ ပြည်တွင်းခရီးသွားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့မရှိခဲ့ဘူးလို့ သိရပါတယ်။
4 years Ago
Up