သြစတြေးလျနိုင်ငံသား

March 12, 2019

ထိုင်းထောင်မှ လွတ်မြောက်ခဲ့သည့် ဘာရိန်းဘောလုံးသမားကို သြစတြေးလျနိုင်ငံသားအဖြစ် ပေးအပ်

ထိုင်းနိုင်ငံမှာ ၃ လကြာ အကျဉ်းကျပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဘာရိန်းဘောလုံးသမား ဟာကင်းမ် အယ်လ် အရိုင်ဘီကို သြစတြေးလျနိုင်ငံသားအဖြစ် ပေးအပ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့မှာတော့ ဟာကင်းမ်ဟာ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦး တော်လှန်ရေးအတွင်း ဟာကင်းမ်ဟာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ၂၀၁၄ ခုနှစ်မှာ ဘာရိန်းကနေ ထွက်ပြေးပြီး သြစတြေးလျမှာ ဒုက္ခသည်အဖြစ် ခံယူခဲ့ပါတယ်။ အဲဒီနောက် ဘန်ကောက်ကို ဟန်းနီးမွန်းခရီးထွက်ချိန် ဘာရိန်းအစိုးရ မေတ္တာရပ်ခံချက်နဲ့ ထိုင်းအာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာပါ။ ဟာကင်းမ် ဖမ်းဆီးခံရတဲ့သတင်းကို နိုင်ငံတကာက ဝေဖန်ခဲ့ပြီး ဘောလုံးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ကာ ဟာကင်းမ်လွတ်မြောက်ရေး ကြိုးပမ်းခဲ့ပါတယ်။ သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်ကိုယ်တိုင် ဟာကင်းမ်လွတ်မြောက်ရေး တိုက်တွန်း လှုံ့ဆော်ခဲ့ပြီး နိုင်ငံသားပေးအပ်တဲ့ အခမ်းအနားမှာ မော်ရစ်ဆင်က ဟာကင်းမ်ကို သူ့အင်္ကျီမှာ တပ်ထားတဲ့ သြစတြေးလျအလံငယ် ပေးခဲ့ပါတယ်။
2 years Ago

November 22, 2018

အင်ဒိုနီးရှားတွင် ထောင်ကျခဲ့သည့် ဘာလီနိုင်းဂိုဏ်းဝင် မူးယစ်မှောင်ခို သြစတြေးလျသို့ ပြန်ရောက်ရှိ

ဘာလီနိုင်းဂိုဏ်းဝင်လို့ လူသိများတဲ့ သြစတြေးလျနိုင်ငံသား မူးယစ်မှောင်ခို ရာနေးလောရန့်စ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီအကျဥ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ် ကျခံပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့က သြစတြေးလျကို ပြန်လည်ရောက်ရှိလာပါတယ်။ ဘာလီနိုင်းဂိုဏ်းခေါင်းဆောင်နှစ်ဦး ကွပ်မျက်ခံရပြီးနောက် လောရန့်စ်ဟာ ပထမဆုံး လွတ်မြောက်ခဲ့သူလည်း ဖြစ်ပါတယ်။ လောရန့်စ်ဟာ ဘရစ္စဘိန်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိပြီးနောက် သူ့အိမ်ရှိရာ နယူးကာဆယ်မြို့ကို ထွက်ခွာမယ့် လေယာဉ်ပေါ်ကို တက်ရောက်ခဲ့ပါတယ်။ လောရန့်စ်ဟာ ၂၀၀၅ ခုနှစ်က ကိုယ်ပေါ်မှာ ဘိန်းဖြူ ၂ ဒသမ ၇ ကီလို တွေ့ရှိမှုနဲ့ ဒန်ပါဆာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။ ကနဦးက သူဟာ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခံရတာပါ။ သူဟာ စုံစမ်းရေးမှူးတွေနဲ့ ပူးပေါင်းပြီး တခြား ဘာလီနိုင်းဂိုဏ်းဝင်တွေကို ဖွင့်ချခဲ့တာမို့ ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ်လျှော့ပေါ့ခံခဲ့ရပါတယ်။ အဲဒီနောက် ထောင်ထဲမှာ ကောင်းမွန်စွာ နေထိုင်တဲ့အတွက် နောက်ထပ် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်လျှော့ပေါ့ခံရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up