သြစတြေးလျအမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့် ထိုင်းဆိုင်ကယ်သမားကို ဖမ်းဆီး

December 15, 2016

သြစတြေးလျအမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့် ထိုင်းဆိုင်ကယ်သမားကို ဖမ်းဆီး

ပြီးခဲ့တဲ့ ဆယ်ရက်လောက်က သြစတြေးလျနိုင်ငံသူ ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတဦးကို ချုံပုတ်ထဲ အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းဆိုင်ကယ်သမားက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဒီနေ့ ၀န်ခံထွက်ဆိုလိုက်ပါတယ်။ ဒါပေမယ့် အသက် ၃၂ နှစ်အရွယ် အက်ကဘူရက် ရီထရက်ခ်ခက်ဖန်အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ဖမ်းဆီးစစ်ဆေးချိန်တလျှောက်လုံး သူတို့ ၂ ဦးစလုံး သဘောတူညီမှုနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုပြုခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုနေခဲ့တာပါ။ ဒီကနေ့မနက်ပိုင်း ၁၀ နာရီမှာတော့ သူဟာ ခွန်ကရန်ခရိုင်ရဲစခန်းမှာ ၀န်ခံထွက် ဆိုလိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ တလင်းချန်ခရိုင်၊ ဘိုရိုမရက်ချွန်နာနီ ၄၃ လမ်းပေါ်က လူမနေတဲ့ အဆောက်အဦနားရှိ ချုံပုတ်ထဲမှာ သူ့ကို မုဒိမ်းကျင့်ခဲ့တယ်လို့ တလင်းချန်ရဲဌာနမှာ သြစတြေးလျအမျိုးသမီးက တိုင် ကြားထားခဲ့တာပါ။ ရဲတွေဟာ ဒီကိစ္စအပေါ် အပူတပြင်းလိုက်လံရှာဖွေခဲ့ကြပြီး အခင်းဖြစ်ပွားချိန် ဖြတ်သွားခဲ့တဲ့ သုံးဘီးဆိုင်ကယ်သမားတွေနဲ့ တခြားဆိုင်ကယ်သမားတွေကို လုံခြုံရေး ကင်မရာမှတ်တမ်းတွေကတဆင့် စစ်ဆေးနေခဲ့တာပါ။ စစ်ဆေးချက်တွေအရ ပြစ်မှုကျူးလွန်သူဟာ သုံးဘီးဆိုင်ကယ်သမားမဟုတ်ပဲ ဆိုင်ကယ်သမားတဦးဖြစ်နေခဲ့တာကို ရဲတွေက သိရှိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အက်ကဘူရက်ဟာ ရဲတွေက လုံခြုံရေးကင်မရာမှတ်တမ်းက တဆင့် စုံစမ်းထောက်လှမ်းနေချိန်မှာ ကြောက်လန့်တကြားဖြစ်ပြီး ခွန်ကရန်ဒေသက သူငယ်ချင်းတဦးဆီ အကူအညီတောင်းဖို့ သွားရောက်ခဲ့တာပါ။ ဒါပေမယ့် သူငယ်ချင်းဖြစ်သူနဲ့ အဆက်အသွယ်မရရှိဘဲ ဆွေမျိုးတဦးနဲ့ အဆက်အ သွယ်ရရှိခဲ့တာပါ။ အဲဒီဆွေမျိုးဖြစ်သူဟာ နောက်ပိုင်းမှာ ရဲကို ဆက်သွယ်ကာ အက်ကဘူရက်ဟာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း အကြောင်းကြားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ တရားခံဖြစ်သူအား ဘန်ကောက်မြို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
5 years Ago
Up