သြစတြေးလျဝန်ကြီးချုပ်

August 24, 2018

သြစတြေးလျ ဝန်ကြီးချုပ်သစ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆင်အား ခန့်အပ်

သြစတြေးလျ ဝန်ကြီးချုပ်သစ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆင်ကို သြဂုတ် ၂၄ ရက်နေ့က ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ လစ်ဘရယ်ပါတီ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဘဏ္ဍာရေးဝန်ကြီးကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆင်ဟာ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒူတန်၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒူတန်ဟာ ရာထူးကနေ နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကွန်တန်ဘူးလ်ကို မကြာသေးခင်ရက်ပိုင်းက စိန်ခေါ်တိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ လစ်ဘရယ်ပါတီ အစည်းအဝေးမှာ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဂျော့ရှ် ဖရိုင်ဒန်ဘာ့ဒ်ကိုလည်း ပါတီ ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူး ရာထူးကနုတ်ထွက်

သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးဟာ သြဂုတ် ၂၄ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဝန်ကြီးချုပ်အသစ် ရွေးချယ်ဖို့အတွက် ပါတီအစည်းအဝေးခေါ်ပေးဖို့ ပါတီဝင်တွေရဲ့ တောင်းဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ သြဂုတ် ၂၄ ရက်နေ့ အစောပိုင်းက မယ်လ်ကွန်တန်ဘူးက ပြောကြားပါတယ်။ ဝန်ကြီးချုပ်ရာထူး ရွေးကောက်တင်မြှောက်မယ့် အစည်းအဝေးခေါ်ပေးဖို့ လစ်ဘရယ်ပါတီအဖွဲ့ဝင် ၄၃ ဦးက လက်မှတ်ထိုး တောင်းဆိုခဲ့တာပါ။ သြဂုတ် ၂၄ ရက်နေ့မှာတော့ သြစတြေးလျ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ဖို့အတွက် အစည်းအဝေးကို ဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်လည်း တက်ရောက်ခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းက သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ် ရာထူးကနေ ဆင်းပေးဖို့ ပြည်ထဲရေးဝန်ကြီး ပီတာဒူတန်က စိန်ခေါ်ခဲ့ပြီး ထောက်ခံမဲ ၄၈ မဲ၊ ကန့်ကွက်မဲ ၃၅ မဲနဲ့ တန်ဘူးလ်က အနိုင်ရရှိခဲ့တာပါ။ ဒါပေမယ့် သူ့ကိုထောက်ခံခဲ့သူ ဝန်ကြီးတချို့က နောက်ပိုင်းမှာ မယ်လ်ကွန်တန်ဘူးနဲ့ သူ့ရဲ့ ထိပ်တန်းမဟာမိတ်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း မားသီးယပ် ကော်မန်းတို့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မဲခွဲရာမှာ ရှုံးနိမ့်သွားတဲ့ ပြည်ထဲရေးဝန်ကြီး ပီတာဒူတန်နဲ့ ထိပ်ပိုင်းဝန်ကြီးတချို့က  နောက်တကြိမ် မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုရာမှာ ပါတီဝင်အများစုက လက်မှတ်ထိုး တောင်းဆိုပါက ဝန်ကြီးချုပ်ရာထူးအတွက် အစည်းအဝေး ခေါ်ပေးမယ်လို့ မယ်လ်ကွန်တန်ဘူးက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ သြစတြေးလျဝန်ကြီးချုပ်သစ်အတွက် ယှဉ်ပြိုင်ကြမယ့် သူတွေကတော့ ဘဏ္ဍာရေးဝန်ကြီး စကော့ မော်ရစ်ဆင်၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့တို့ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

September 11, 2017

ဘီယာခွက်ကိုင်ပြီး မြေးချီသည့် သြစတြေးလျဝန်ကြီးချုပ် ဝေဖန်ခံရ

သြစတြေးလျနိုင်ငံဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူလ်ဟာ မြေးဖြစ်သူကိုချီပြီး ဘီယာခွက်ကိုင်ထားတဲ့ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ စက်တင်ဘာ ၉ ရက်နေ့က ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ ဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဝန်ကြီးချုပ်က မြေးချီထားတဲ့ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ “ဘောလုံးပွဲမှာ တာဝန်များစွာ” လို့ စာရေးတင်ပြီးနောက် မစ္စတာတန်ဘူလ် ဘီယာခွက်ကိုင်ထားတာအပေါ် ဝေဖန်တဲ့ မှတ်ချက်တွေ ရေးသားလာကြတာပါ။ မာ့ဂ်ဝေါ့ကာဆိုတဲ့ မှတ်ချက်ရေးသူတဦးက “ဘီယာခွက် လက်မှာကိုင်ပြီး ကလေးချီထားတာက ကျက်သရေတုံးလိုက်တာ” လို့ ရေးထားပြီး နောက်ထပ်ဝေဖန်သူတဦးကတော့ “မိုက်မဲလိုက်တာ၊ သတိမရှိလိုက်တာ၊ တာဝန်မသိလိုက်တာ” လို့ ရေးထားပါတယ်။ နောက်ထပ်မှတ်ချက်ရေးသားသူတဦးက “ကလေးပေါ်ကနေ အရက်နံ့တွေနဲ့ အသက်ရှူနေကြတဲ့သူတွေကို မြင်ရတာ ရွံစရာကောင်းတယ်” လို့ ပြောထားပါတယ်။ ဝန်ကြီးချုပ်က ဘာမှ အမှားအယွင်း မလုပ်ပေမယ့် ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အပေါ် ကာကွယ်ပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ “ဘယ်လောက်တောင်လှတဲ့ ဓာတ်ပုံလေးလဲ၊ မစ္စတာတန်ဘူလ်မှာ သူ့မြေးကို ပွေ့ဖက်ထားပြီး ပြုစုစောင့်ရှောက်ဖို့ အခွင့်အရေးရှိပါတယ်” လို့ ဂျန်ရောဘတ်ဆန်ဆိုသူက ရေးသားထားပါတယ်။ “ဝေဖန်မှုက အဓိပ္ပာယ်မရှိလိုက်တာ၊ ဝန်ကြီးချုပ်က ကလေးကို ကောင်းကောင်း ဂရုစိုက်နေတာပဲ၊ အင်မတန်လှတဲ့ ဓာတ်ပုံရိုက်ချက်ပဲ” လို့ ကယ်ရိုလင်းဆိုသူက ရေးထားပါတယ်။ တခြားဝေဖန်သူတွေကလည်း သြစတြေးလျ အားကစားရုံထဲမှာ အရက်သေစာ သောက်လို့ရပြီး တချို့တွေကတော့ အကယ်၍ ဝန်ကြီးချုပ် သောက်နေတာက အရက်မဟုတ်ဘဲ လက်ဖက်ရည်တခွက်ဖြစ်နေပြီး ဓာတ်ပုံအရိုက်ခံရင် ဘာဖြစ်မလဲလို့ ပြောနေကြပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှု စတင်ပျံ့နှံ့အောင် လုပ်သူတွေကို ပိုမိုဒေါသဖြစ်နေကြပါတယ်။ “ဓာတ်ပုံလေးက ချစ်စရာပါ၊ ကီးဘုတ်သုံးပြီး တိုက်ခိုက်နေသူအားလုံး ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တွေ လုပ်ဖို့လိုတယ်” လို့ မှတ်ချက်ရေးသူတဦးဖြစ်တဲ့ ဖီအိုနာဆိုသူက ရေးထားပါတယ်။ အဲဒီနောက် ဝေဖန်ဆွေးနွေးမှုက ဝန်ကြီးချုပ်ထံ ပြန်လည်ရိုက်ခတ်လာပြီး ဒီအပတ်အတွက် သူ့ရဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ ဒီငြင်းခုန်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က မှတ်ချက်ပေးခဲ့ပါတယ်။ “ဒါတွေက လူမှုကွန်ရက်ရဲ့ အရူးသွပ်ဆုံးအရာပဲလို့ ကျနော်ထင်တယ်” လို့ ဝန်ကြီးချုပ်က သြစတြေးလျသတင်းဌာနဖြစ်တဲ့ ထရစ်ပယ်အမ်သတင်းဌာနကို ပြောခဲ့ပါတယ်။ “မင်းက မင်းရဲ့အသားအရေအပေါ် သက်သောင့်သက်သာ ရှိနေသရွေ့ မင်းအနေနဲ့ မင်းပုံစံအတိုင်းနေတာ၊ သဘာဝအတိုင်း ရှိနေတာက မင်းလုပ်နိုင်သမျှအကုန်ပဲ” လို့ ဝန်ကြီးချုပ်က မှတ်ချက်ပေးကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up